28 C
Yangon

တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲနေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် တောင်သာမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို ဗုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးသည် တောင်သာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို ဗုံး ၄ ကြိမ် ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် နွားထိုးကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ကလည်း တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ကို စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ကို ကျေးရွာတွေကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေတာ ကျနော်တို့ သိရတာတော့ ပြည်သူတွေ ထိခိုက်တာတော့ မကြားမိသေးဘူး။ စစ်ခွေးတွေက အချိန်မရွေး ဗုံးကျဲ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မန္တလေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article