သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းနှင့် ချောင်းဦးရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Taung Nyo Column – တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် အင်းတကော် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကံကြီးကုန်းရွာရှိ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော အင်းအား ၁၀၀ ခန့်ရှိသော ကံကြီးကုန်းရွာ စစ်စခန်းကို ဒရုန်း အစီး ၂၀ ကျော်ဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“စစ်ခွေး သေစာရင်းမသိရသေးဘူး။ ကျွန်တော်တို့ကိုလည်း မဟာမိတ်တွေက လှမ်းမပြောသေးဘူး။ သူတို့ ခွေးကုန်း အထိုင်ချတဲ့နေရာတွေကို စစ်ခွေး စစ်တပ် အင်အားမှန်းလို့တော့ မရဘူး။ သူတို့က ပျူတွေနဲ့ ရောနေတာဆိုတော့ ပထမ စခန်းသိမ်းတော့လာပို့တဲ့ အကောင်တွေရော ရှိတာဆိုတော့ စစ်ခွေးအင်အားကတော့ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ၁၀၀ လောက်ရှိမယ်။ ပျူတွေရောဆိုရင် အဲဒီရွာကများမှာပါ။ ဒရုန်းကတော့ များတယ်။ အစီး ၂၀ လောက်ရှိမယ် နှစ်နေရာခွဲပြီးတိုက်ခိုက်ခဲ့တာ” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒရုန်း ဆုံးရှုံးမှုများ ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဒရုန်း ပြန်လည် တပ်ဆင် ဝယ်ယူနိုင်ရန်အတွက် ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ဆက်လက် ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း၃၅၊တပ်ခွဲ၃တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ မုံရွာခရိုင်တပ်ရင်း(၂၄)၊ မုံရွာခရိုင်ပကဖ၊ မုံရွာခရိုင်တပ်ရင်း(၁)SGFတပ်ခွဲ၊ တပ်ရင်း(၁၂)တပ်ခွဲ(၄)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓါးမဆိုင်းတပ်မတော်၊ ဒရုန်းမဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ ကြောင်းသိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/477758064_989162816644658_7683265955159633996_n.jpg)