ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အလင်းဝင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားသစ် ၂ ဦးသည် MA-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၉၇ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် ၁၀ သိန်း ချီးမြှင့်ငွေ အဖြစ် ပြန်လည်ချီးမြှင့်ခဲ့ပြီး ပြည့်သူ့ ရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
“ကျွန်တော် တပ်ရင်းအနေနဲ့ ကနဦး ချီးမြင့်ငွေ ဆယ်သိန်းကိုတော့ ကျွန်တော်တို့ တပ်ရင်းအနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။ အဲဒါတော့ လက်နက်နဲ့ အလင်းဝင်လာတဲ့သူတွေကို တပ်ရင်းအနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းကို ချိတ်ဆက်ပြီးတော့ ကြိုပြီး ချိတ်ဆက်ပြီး ဝင်လာတာမျိုး မဟုတ်ဘူး။ သူတို့ တာဝန်ကျတဲ့ နေရာကနေပြီးတော့။ ပြေးလာပြီးတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ဘက်ကို သူတို့ ဦးတည်ပြီးပြေးလာတာ ပြေးလာပြီးတော့ စိုးမိုးနယ်မြေထဲကို ရောက်တဲ့အခါမှာ သူတို့ အလင်းဝင်ချင်လို့ပါ ဆိုပြီး တွေ့တဲ့သူကို ဆက်သွယ်ပြီးတော့။ သူတို့ အလင်းဝင်ချင်လို့ပါဆိုပြီး ကျွန်တော်တို့ လှမ်းပြီးတော့ပြောတဲ့ ပုံစံမျိုးပါ ကြိုတင်ချိတ်ဆက်ထားမျိုး မရှိပါဘူး” ဟု ပဲခူးခရိုင်၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို အမြန်ဆုံး ချိတ်ဆက်ပြီး အလင်းဝင်ကြရန် အလင်းဝင်လာသူများ အနေဖြင့် https://www.facebook.com/profile.php?id=61552261812842 ဆက်သွယ်နိုင်ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/476639837_989213319972941_491277634721118570_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476643383_989213206639619_6795308277247883674_n.jpg)