ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံတွင် လူတိုင်း စစ်မှုထမ်းရန် တာဝန်ရှိမှု ၊ စစ်မှုထမ်းရသည့် အကျိုး ကျေးဇူး၊ နိုင်ငံတော်ကာကွယ်ရေး အရေးကြီးပုံနှင့် နိုင်ငံတကာမှ ပြည်သူတိုင်း စစ်မှုထမ်းရသည့်စနစ်များအကြောင်း အခြေခံပညာကျောင်းများတွင် လာမည့်ပညာသင်နှစ်တွင် စတင်သင်ကြားတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်းများတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အ ထွေ ထွေဗဟုသုတ ဘာသာရပ် အဖြစ် သင်ရိုးညွန်းတမ်းအတွင်း ထည့်သွင်းသင်ကြားမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အထက်တန်းအဆင့်တွင် ယင်းဘာသာရပ်ကို သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။
“နိုင်ငံတကာမှာလည်း ဒီလို စစ်မှုထမ်းဥပဒေတွေနဲ့ လူငယ်တွေ စစ်မှုထမ်းရတာက တာဝန်တစ်ရပ်ဖြစ်တယ်။ ဥပမာ- တောင်ကိုရီးယားဆိုရင် သရုပ်ဆောင်၊ အဆိုတော်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ မော်ဒယ်တွေဆိုရင် သူ့အလှည့်ရောက်လာရင် စစ်မှုသွားထမ်းရတယ်။ အဲဒါမျိုးတွေ အသိပညာဗဟုသုတဖြစ်အောင် သင်ကြားဖို့ရှိတယ်လို့ သိရတယ်။ ဒီမှာတော့ ဒီဥပဒေအရ ရပိုင်ခွင့်၊ တာဝန်တွေက ဘာလဲဆိုတာ သင်ကြားပို့ချမယ်။ အခုသိထားသလောက်တော့ အထက်တန်းအဆင့်ကို အဓိက သင်မှာလို့ သိရတယ်” ဟု ပညာရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။
ယင်းသို့ အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာန၊၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သော ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ပုဒ်မ ၅၉ တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာပြည်သူ့စစ်မှုထမ်းဥပဒေနှင့် မြန်မာ နိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူလူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အတွက် အသိပညာပေးခြင်းများကို အခြေခံပညာကျောင်းများမှ အစပြု၍ သင်ရိုးညွှန်းတမ်းများတွင် ဘာသာရပ်တစ်ခု အဖြစ် ထည့်သွင်းပို့ချနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် စစ်ကောင်စီက ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအပါအဝင် စုစုပေါင်း ၁၅၀၀ ကျော်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ စစ်သင်တန်းများ ပို့ချလျက်ရှိကြောင်း သိရှိရသည်။
နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ယမန်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချနေပြီး တက္ကသိုလ်လေ့ကျင့်တပ်သင်တန်းကျောင်း ၈ ခုတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ ၁၅၀၀ ကျော် ကို စစ်သင်တန်းများပို့ချနေခြင်းဖြစ်ပြီး ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေးအခြေ ခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်သင်တန်းများကို ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – နေပြည်တော်တွင် ကျောင်းအပ်ရာသီ အခြေခံပညာကျောင်းများ လိုက်လံစစ်ဆေးနေသည့် အကြမ်းဖက် စစ်ဗိုလ်ချုပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/479181948_989453543282252_4709431247411822982_n.jpg)