ကလေးမြို့နယ်၊ တောင်ပိုင်း ကမ်းပါးနီ စစ်စခန်း အနီးရှိ ရွာများကို ယနေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ပိုင်း ကမ်းပါးနီ အကြမ်းဖက် စစ်တပ် စခန်း အနီးရှိ ရွာများကို ယနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၇ နာရီ ၅ မိနစ်မှ ၇ နာရီ ၄၄ မိနစ်ထိ အကြမ်းဖက် စစ်တပ်က ကမ်းပါးနီ အကြမ်းဖက် စစ်တပ်စခန်း အနီးအနားရှိ ကျေးရွာများကို ကလေး လေဆိပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကမ်းပါးနီ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားသော နေရာများ အပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများကိုပါ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲအတွင်း အထိနာသောကြောင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရေတွက်ထားတော့ ဗုံးကျဲနေတာ စုစုပေါင်း အလုံး ၄၀ ကျော်နေပြီး ကမ္ဘာပျက်မတတ်ဘဲ ကမ်းပါးနီ အနီးအနားကိုပဲ ကျဲချနေတာ ဆက်တိုက်ပဲ ၇ နာရီ ကျော်လောက်တည်းကျဲနေတာ ၈ နာရီ မထိုးခင်လောက်ထိကို ဆက်တိုက်ကျဲချနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် ဝမ်းရောဂါများ ဖြစ်ပွားနေခြင်းကြောင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/476643793_989883839905889_8036256908549313686_n.jpg)