စစ်ကိုင်းမြို့တွင် ယနေ့ နံနက်ပိုင်း လူငယ် ၂၀ ကျော်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားပြီး မောင်ဇော်ခန့်၊ မောင်ငြိမ်းချမ်းအောင်နှင့် မောင်ချစ်ငယ်လေးတို့ သူငယ်ချင်း ၃ ဦး ဖမ်းဆီးခံလိုက်ရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ယနေ့ နံနက်ပိုင်း လူငယ် ၂၀ ကျော်ကို စစ်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားပြီး မောင်ဇော်ခန့်၊ မောင်ငြိမ်းချမ်းအောင်နှင့် မောင်ချစ်ငယ်လေးတို့ သူငယ်ချင်း ၃ ဦး ပါဝင်သွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့၊ ရှင်ဖြူရှင်လှ မြွေဘုရားရှေ့တွင် စစ်တပ်နှင့်ရဲများ အပါအဝင် ဌာနပေါင်းစုံပါဝင်သော အဖွဲ့က ကားများ၊ ဆိုင်ကယ်များနှင့် လမ်းလျှောက်သွားလာနေသော လူငယ်များအားလုံးကို စစ်ဆေးပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ် ၂၀ ဦးထက်မနည်းကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီး ခေါ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လူငယ်များကို စစ်တပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် မောင်ဇော်ခန့်၊ အသက် ၂၉ နှစ်အရွယ် မောင်ငြိမ်းချမ်းအောင်၊ အသက် ၂၃ နှစ်အရွယ် မောင်ချစ်ငယ်လေး တို့ ၃ ဦးမှာလည်း စစ် တပ်၏ ဖမ်းဆီးမှုကို ခံလိုက်ရကြောင်း သိရှိရသည်။
“အခု ကလေးတွေကို ဘယ်ခေါ်သွားလဲဆိုတာကို လိုက်နေတယ်။ စစ်တပ်နဲ့ရဲတွေကို မေးတော့လည်း လိုက်မနေနဲ့ ငွေမလိုဘူး၊ လူလိုလို့ ဖမ်းတာလို့ပြောနေတယ်။ လူငယ်တွေအများကြီးပဲ ကားပေါ်တင်သွားတာ။ စစ်မှုထမ်းခိုင်းဖို့ဆိုပြီးတော့ ဖမ်းသွားတာ” ဟု ဖမ်းဆီးခံရသူလူငယ်၏ မိဘဆွေမျိုးတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ယခု ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လိုအပ်သော စစ်မှု ထမ်း တပ်သားအရေအတွက် ပြည့်မီခြင်းမရှိသဖြင့် လူငယ်များကို နည်းလမ်းစုံဖြင့် ဖမ်းဆီးမှုများကို စစ်တပ်က ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။


