မြ၀တီရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသော နိုင်ငံခြားသားများ ပြန်လည် လွှဲပြောင်းရေး ထိုင်းနှင့်မြန်မာနယ်ခြားကော်မတီတွေ့ဆုံ ဆွေးနွေးသဘောတူ
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသော နိုင်ငံခြားသားများကို ပြန်လည် ပို့ဆောင်ရေးအတွက် ထိုင်း-မြန်မာနိုင်ငံနယ်ခြားကော်မတီတွေ့ဆုံပြီး သဘောတူညီချက်များရရှိခဲ့ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်သည်။
ယနေ့တွင် ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့အကြား ထိုသို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လူကုန်ကူးခံရသူများစာရင်းနှင့် နိုင်ငံသားဆိုင်ရာသတင်းအချက်အလက်များကို အနည်းဆုံး ၃ ရက်မှ ၅ ရက်အကြား ကြိုတင်ပို့ဆောင်ရန် ၊ မြန်မာဘက်က မိမိတိုင်းပြည်သို့ ပြန်လိုသော နိုင်ငံခြားသားများကို စုဆောင်းထားရန်၊ ထိုင်းဘက်ကလည်း ရရှိထားသော စာရင်းများအရ သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ၊ ပို့ဆောင်သည့်နေရာအဖြစ် အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်း ပို့ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
ထိုင်းအစိုးရကမူ နေ့စဉ် လူဦးရေ ၅၀၀ ပြန်လည် လက်ခံနိုင်ပြီး နှစ်နိုင်ငံသဘောတူညီချက်များကို စောလျင်စွာ အကောင် အထည်ဖော်နိုင်ရေး သဘောတူညီခဲ့ကြောင်း သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မှ နိုင်ငံရေးလှုပ်ရှားသူတချို့ကမူ ထိုင်း-မြန်မာ နယ်ခြားကော်မတီအကြား တွေ့ဆုံဆွေးနွေးမှုသည် မဲဆောက်မြို့တွင် အခြေစိုက် နေထိုင်နေကြသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် တော်လှန်ရေး လုပ်နေသူများအပေါ် သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်ရကြောင်း သုံးသပ်ပြောဆိုသည်။
“မြ၀တီမှာ တိုက်ပွဲတွေဖြစ်ပြီးကတည်းက ထိုင်း-မြန်မာ နယ်ခြားကော်မတီက သိပ်ပြီး အလုပ်သဘော ပူးပေါင်းဆောင်ရွက်တာ မရှိခဲ့ဘူး။ အခုက ကျားဖြန့် အကြောင်းပြပြီး ပြန်ပြီး ထိတွေ့ဆက်ဆံကြတော့ မဲဆောက်မှာ ရှိနေတဲ့ အထင်ကရ တော် လှန်ရေးသမားတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ထောက်ပို့တွေအပေါ် ခြိမ်းခြောက်မှု ဖြစ်လာမှာကို စိုးရိမ်ရပါတယ်။ နယ်ခြားကော်မတီ ပြန်ပြီး အသက်ဝင် ထိတွေ့ ဆက်ဆံတာက ကျားဖြန့်ကိစ္စမှာ တင် ရပ်ပါ့မလားဆိုတာလည်း စိုးရိမ်စရာပဲ” ဟု မဲဆောက်ရောက် PDF ထောက်/ပို့ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2025/02/479675882_991172193110387_8783619721806007694_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480244298_991172243110382_4583015021529945908_n-1.jpg)
![](https://yktnews.com/wp-content/uploads/2025/02/480281592_991172289777044_6226266536579524889_n.jpg)