ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်ခန့်တွင် ကျော်ရွာ ဆေးပေးခန်း၊ ည ၁၀ နာရီ ၁၁ မိနစ်ခန့်တွင် မှန်တောရွာနှင့် ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် သံဖိုရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သံဖိုရွာမှ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျော်ရွာ ဆေးပေးခန်းနှင့် မှန်တောရွာမှလည်း ထိခိုက်ပျက်စီးမှုများရှိပြီး ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မနေ့က ညနေပိုင်းကနေစပြီး စစ်ခွေးတွေက လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်တာ သံဖိုရွာက ပြည်သူ ၄ ဦးသေဆုံးတယ်လို့ အတည်ပြုချက်ရတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်။ ကျန်တဲ့ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နတ်ချောင်း တိုက်နယ် ဆေးရုံ
![](https://yktnews.com/wp-content/uploads/2025/02/480283399_991224339771839_5671181333225450886_n.jpg)