မြိုင်တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်းမှ စစ်မှုထမ်း တပ်သား ၁ ဦး ခဲယမ်းနှင့် လက်ပစ်ဗုံးများ ယူဆောင်လာပြီး အလင်းဝင်
မကွေးတိုင်း၊ မြိုင်မြို့ပေါ် ရောက်ရှိနေသည့် ရိက္ခာပို့ စစ်ကြောင်းမှ စစ်မှုထမ်း တပ်သား ၁ ဦး လက်ပစ်ဗုံးနှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော် Black Leopard Army မှ ကိုဥက္ကာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြိုင်မြို့သို့ ရိက္ခာကားတန်းနှင့် အတူ လိုက်ပါလာသော တပ်မ ၁၀၁ လက်အောက်ခံ ၂၅၁ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော စစ်မှုထမ်း တပ်သားသစ် ညီညီဖြိုးသည် မြိုင်မြို့ ထွေအုပ်ရုံးတွင် ကင်းတာဝန်ယူနေစဉ် ထွက်ပြေးလာပြီး ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ မှ တပ်ခွဲမှူး ဗိုလ်ထိ ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလင်းဝင်ရောက်လာသော တပ်သားသစ် ညီညီဖြိုးသည် 5.56 ကျည် ၁၃၃ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ MA 1 ကျည်ဘောက် ၃ ခု ၊ လက်ကိုင်ဖုန်း ၃ လုံး နှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
“ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ အစီစဉ်ရှိပါတယ်။ သေနတ်တော့မပါဘူး။ ကျည်ဘောက် သုံးဘောက်၊ လက်ပစ်တစ်လုံး ကျည် ၁၃၀တောင့် နင်းမိုင်းတစ်လုံး ပါတယ်။ အစတည်းက ဘယ်လိုထွက်ရမလဲ စဉ်းစားနေချိန်မှာ ကျွန်တော်တို့နဲ့ ချိတ်မိတဲ့သဘောပါ။ ဘုတလင်မြို့နယ်ကပါ။ ဟုမ္မလင်းကို ရွှေမျောသွားလုပ်နေတုန်း အဖမ်းခံရတယ်။ အဖမ်းခံရပြီးနောက် ကလေးမြို့လေ့ကျင့်ရေးကျောင်းကိုပို့တယ်။ ကျနော်တို့ကတော့ သူ့ကို လုံခြုံမယ့် နေရာတစ်ခုကို ပို့ဆောင်ထားပြီး စစ်ရုံးချုပ် MOD ရဲ့ညွှန်ကြား ချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ လူလို့မြင်တယ် လူကို လူလို့မြင်တတ်တဲ့ အဖွဲ့စည်းတွေအောက်မှာ အလုံခြုံဆုံးမို့ ဝင်လာသူတိုင်းအေးမြပါတယ်လို့” ဟု ကျားသစ်နက်တပ်မတော် Black Leopard Army မှ ကိုဥက္ကာက ပြောဆိုသည်။
ကိုညီညီဖြိုးသည် မိသားစုနှင့် အတူ ဘုတလင်မြို့နယ်တွင် အခြေချ နေထိုင်ခဲ့ပြီး ဟုမ္မလင်းတွင် ရွှေမျှော လုပ်ကိုင်နေစဉ် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရကာ ကလေးမြို့ တပ်မတော် လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်း တက်ရောက်ခဲ့ရကြောင်း၊ စစ်သင်တန်း ဆင်းပြီးနောက် တံတားဦးလေဆိပ်သို့ စစ်ရဟတ်ယာဉ် ဖြင့် ပို့ဆောင်ခြင်းခံရခြင်းဖြစ်ကြောင်း၊ တံတားဦးမှတဆင့် စစ်ယာဉ်တန်းဖြင့် ပခုက္ကူ သို့ ပို့ဆောင်ခံရပြီး ထိုမှတဆင့် မြိုင်မြို့သို့ ရိက္ခာကားတန်းဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
