အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား နှင့် အမျိုးသမီး ၉၃၆ ဦးကို စစ်တပ်က စစ်တွေသို့ ပို့ဆောင်မည်၊ ရိုဟင်ဂျာအမျိုးသားများကို စစ်မှုထမ်း စစ်သားများအဖြစ် အသုံးပြုနိုင်ခြေရှိနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
အင်းစိန်ထောင်အတွင်းရှိ လွတ်ရက်စေ့ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား/အမျိုးသမီး ၉၃၆ ဦးတို့ကို အကြမဖက် စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များက Express (ခရီးသည်တင်ယာဉ်)များဖြင့်ခေါ်ထုတ်၍ ရခိုင်ပြည်နယ် စစ်တွေသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား/အမျိုး သမီး ၉၃၆ ဦးတို့ကို ခေါ်ထုတ်နေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်း လဝက ဝန်ထမ်း ၅၀ ဦးကျော်က ရုံးပိတ်ရက်ဖြစ်သော်လည်း အကျဉ်းထောင်တွင်း လာရောက်၍ အထောက်အထားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
“အခုလိုခေါ်ထုတ်သွားတာဟာ ရိုဟင်ဂျာတွေအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့်တော့ လူသားတံတိုင်းအနေနဲ့ အသုံးပြုခံရနိုင်တဲ့ အခြေအနေရှိသလို လက်နက်ကိုင်ပြီး ရှေ့တန်းစစ်မျက်နှာကို ပို့ခံရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအခြေအနေဟာ လူမျိုးရေး ပဋိပက္ခတွေကို တွန်းပို့နေတဲ့ အခြေအနေဖြစ်သလို စစ်မှုထမ်းအဖြစ် အသုံးပြုနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အင်းစိန်ထောင်မှ ခေါ်ထုတ်ခံရသည့် ရိုဟင်ဂျာလူမျိုးများကို ပင်လယ်ရေကြောင်း အသုံးပြု၍ စစ်တွေသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ စစ်တွေ အကျဉ်းထောင်တွင် လုံခြုံရေး မပေးနိုင်၍ ရိုဟင်ဂျာများကို ထောင်ပြောင်းခဲ့သည့် အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာအမျိုးသားများကို စစ်မှုထမ်း တပ်သားများအဖြစ် အသုံးပြုနိုင်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
“စစ်တွေကို ပို့ဖို့ လုပ်နေပြီ။ စစ်တွေမှာ လက်ရှိ အာရက္ခတပ်တော်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ပို့တာက စစ်မှုထမ်းခိုင်းဖို့ ရိုဟင်ဂျာတွေကို စစ်သားအဖြစ်အသုံးပြုဖို့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက် ဖြစ်မယ်ဗျ”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သွားခြင်းခံထားရသည့် ရိုဟင်ဂျာ ၉၃၆ ဦးသည် အင်းစိန်အကျဉ်းထောင်တစ်ခုအတွင်းမှ ရိုဟင်ဂျာများသာ မဟုတ်ဘဲ စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာများကို ပြီးခဲ့သည့် ရက်များအတွင်း ၎င်းတို့အား ချုပ်နှောင်ထားသည့်အကျဥ်းထောင်များမှတဆင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံထား ရသူများလည်းပါဝင်နေခြင်း ဖြစ်ကြောင်း PPNM ထံမှ သိရှိရသည်။
ထို့ပြင် စစ်တပ်က လွတ်ရက်စေ့သော်လည်း အချိန် ကြာမြင့်စွာ မလွှတ်ပေးခဲ့သော ရိုဟင်ဂျာများရှိနေပြီး တချို့ရိုဟင်ဂျာများမှာ တစ်နှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံချုပ်နှောင်ခံခဲ့ရကြောင်း သိရှိရသည်။
