ပခုက္ကူ ၊ ကံမ္မရဲစခန်းနှင့် ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကံမ္မရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၅ နာရီနှင့် နံနက် ၆ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ကံမ္မရဲစခန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်းအား ၃၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
“ကျွန်တော်တို့ ဒရုန်း ၄ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ။ တစ်စီးကို ၄ လုံးနှုန်းနဲ့ ကျဲချ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ ကျွန်တော်တို့ စစ်ဒေသ ၁ ပခုက္ကူခရိုင်ရဲ့ ရဲစခန်းရှေ့မှာ ပစ်သတ်ခံရတဲ့ ရဲဘော်အတွက်ကိုလည်း ဝမ်းနည်း ကြေကွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။ သူတို့ကင်း အပြောင်းအလဲ လုပ်တဲ့အချိန်မှာ အဲဒီနေရာကို ကျွန်တော်တို့က ချခဲ့တာပေါ့။ ထိခိုက်မှုကတော့ ရှိမှာပါပဲ” ဟု Black Eagle Drone Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle Drone Force၊ ABSDF စစ်ကြောင်း ၃ Drone အဖွဲ့ နှင့် King Fighter Drone Forge တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ကြာဖူးအဝိုင်း ၊ တိုင်းရင်းဆေးရုံ၊ ရဲစခန်း၊ ရွှေကျီးမင်းဂိတ်နှင့် မြောက်ဘက်ဂိတ်တို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ငယ်များနှင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီခန့်တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်လုပ် ၅၃ လုံး၊ RPG ၊ စက်လက်များ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း မြောက်ဘက်ဂိတ်မှ ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
