တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင် ပျက်စီး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်းသိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများထိခိုက်မှုမရှိသော်လည်း ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ မြေပြင်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ရွာထဲက ပြည်သူတွေက ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ မြေပြင်မှာလည်း တိုက်ပွဲတွေက ဆက်လက် ပြင်းထန်နေတုန်းပါပဲ” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် တနင်္သာရီ -မော့တောင် နယ်စပ်လမ်းပိုင်းကို ပြန်လည်းထိန်းချုပ်နိုင်ရန်အတွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ၂ လနီးပါးကြာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲများကြောင့် ထုံခါ၊ ကော့ယွန်း၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ သဲဖြူ၊ ညောင်ပင်ကွင်းကျေးရွာ၊ ထုံမခါကျေးရွာ၊ ထုံတော်ကျေးရွာ၊ သိမ်ခွန်းကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ခြောက်မိုင်ကျေးရွာ၊ ကွင်းသစ်ကျေးရွာ၊ ဗောဓိကမ်းကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

