ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် လက်အောက်ခံ PNO အဖွဲ့မှ ၅ ဦး သေဆုံးကာ ၄ ဦးအရှင်ဖမ်းမိ၊ သေနတ် ၅ လက်နှင့် လက်နက်ခဲများလည်း သိမ်းဆည်းရရှိ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့မှ ၅ ဦး သေဆုံးကာ ၄ ဦးအရှင်ဖမ်းမိပြီး သေနတ် ၅ လက်နှင့် လက်နက်ခဲများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Inle People’s Defence Force-IPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးကို ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO တပ်ရင်း ၁ နှင့် တပ်ရင်း ၇ ပူးပေါင်း စစ်ကြောင်း အင်အား ၁၀၀ ကျော်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို တိုက်ပွဲသည် ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း လေယာဉ်ဖြင့် ၃ ကြိမ်၊ လက်နက်ကြီးဖြင့် အကြိမ်ရေ ၅၀ ခန့် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ခုခံ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ အင်းလေးဒေသမှာ စစ်ခွေးအားကိုးနဲ့ ကိုယ့်ပအိုလ်းလူမျိုးအပေါ်ရော တိုင်းရင်းသားအချင်းချင်းကိုပါ နယ်မြေကျူးကျော်တဲ့ PNO ၊ PNA တွေအမြင်မှန်ရစေချင်ပါပြီ ကျနော်တို့ တိုက်နေတာက ပအိုလ်းအမျိုးသားကို တိုက်နေတာမဟုတ် ဘုံရန်သူဖြစ်တဲ့ စစ်ခွေးနဲ့ ပေါင်းနေတဲ့ PNO ၊ PNAတွေကို ပဲတိုက်တာပါ” ဟု Inle People’s Defence Force-IPDFမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယင်းထိတွေ့ တိုက်ပွဲအတွင်း PNO ဘက်မှ ၅ ဦးထက်မနည်း သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၅ လက် ၊ ကျည်ဘောက် ၉ ဘောက်နှင့် ကျည်အချို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉တပ်ရင်းနှင့် မဟာမိတ်တပ်များဖြစ်သော ပျားစစ်ကြောင်း ၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ PK-PDF-2 အမှတ် ၁၀၀၆ တပ်ရင်းနှင့် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
