ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာရန် အဓိကကျသည့် OWIC ကတ်များ ထုတ်ပေးမှုကို စစ်ကောင်စီက ယနေ့မှစတင်၍ ယာယီရပ်ဆိုင်း၊ အသက်အရွယ်မရွေး အလုပ်ဖြင့် ပြည်ပထွက်ခွာခွင့် ယာယီ ရပ်တန့်သွား
အလုပ်သမားဌာနက ပြည်ပ အလုပ်အကိုင် ခွင့်ပြုမိန့်များကိုလည်း ယမန် နေ့မှ စတင်၍ ချမပေးတော့ဘဲ ယနေ့ အထိ ရပ် နားထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ရန် အဓိကကျသည့် OWCI (Oversea Workers Identity Card-OWIC- ပြည်ပအလုပ်သမားသက်သေခံကတ်)ကတ်များ ထုတ်ပေးမှုကို စစ်ကောင်စီက ယနေ့မှစတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မွန်းလွဲ ၁၂ နာရီကျော်အချိန်မှစတင်၍ ရန်ကုန်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် OWIC ကတ်ထုတ်ပေးမှုကို ယာယီရပ်ဆိုင်းသည်ဟုဆိုကာ ပြည်ပသွားရောက်ရန်ကြိုးစားနေသည့် အလုပ်သမားများအားလုံးကို အလုပ်ရုံးက ပြန်လွှတ်ကြောင်း သိရှိရသည်။
” မနက်အထိ OWIC ကတ်တွေ ထုတ်ပေးသေးတယ်။ နေ့လယ် ၁၂ နာရီကျော်တော့မှ ယာယီခဏ ရပ်လိုက်ပြီဆိုပြီး ၈ မိုင်ရော၊ မြောက်ဒဂုံရုံးရော ရပ်သွားတယ်။ ယာယီရပ်တာလို့တော့ ပြောတာပဲ။ သူတို့ ဖုန်းပြန်ဆက်ပေးမယ်ပြောနေတယ်။ အဲဒီကတ် ထုတ်မပေးတော့ရင်တော့ ပြည်ပအလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့် ပိတ်တဲ့သဘောဖြစ်နေတယ်။ ခဏပိတ်တာလား၊ မနက်ဖြန် ဘယ်လိုညွှန်ကြားတွေနဲ့ ပြန်ထွက်မလဲ အဲဒါလည်း အတိအကျ မသိသေးဘူး။ ဒီလ ၂၀ ရက်နေ့မှ အတိအကျ အမိန့်ထုတ်မယ်လည်း ပြောနေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ OWIC ကတ်များ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး စည်းကမ်းနှင့်စည်းမျဉ်းများ အသစ်များ ပြန်လည် ထုတ်ပြန်ရန် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့က ဆိုကြသည်။
ယခင် OWIC ကတ်ထုတ်ယူပြီးသူများအနေဖြင့် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွာခွင့် ရရှိနိုင်သော်လည်း OWIC ကတ် စောင့်ဆိုင်း၍ ပြည်ပသို့ အလုပ်ထွက်ခွာမည့် သူများမှာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။
“OWIC ကတ်တွေပိတ်လိုက်တာ ဟုတ်တယ်။ ဒီနေ့ ပြန်လာရတဲ့သူတွေအများကြီးပဲ။ ဘာကတ်မှ ထုတ်မပေးတော့ဘူး။ ယာယီခဏ ပိတ်လိုက်ပါတယ်ဆိုပြီး အလုပ်သမားရုံးက ပြောနေတယ်။ ဘယ်နေ့ ဖွင့်ပေးမယ်ဆို တာလည်း သူတို့မသိဘူး။ သူတို့ဖုန်းပြန်ဆက်ပါ့မယ်ဆိုပြီး ပြောတယ်။ မနေ့က အထိ သွားထုတ်တဲ့သူတွေ ရသေးတယ်။ အပေါ်ပိုင်းမှာ ဘာပြသနာတက်လဲမသိပါဘူး” ဟု ယနေ့ OWIC ရုံးသို့ သွားရောက်ခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ချစ်ဆွေကို အလုပ်သမားဝန်ကြီးအဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစတင်၍ ခန့်အပ်ပြီးနောက် ယင်းကဲ့သို့ ပြောင်းလဲမှုများစွာ ကြုံလာရခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော အလုပ်သမားများထံမှ အခွန်ငွေ ရသင့်သလောက် မရကြောင်း၊ ပြည်ပသို့ အလုံးအရင်းဖြင့် ထွက်ခွာနေမှုကြောင့် ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်နှင့် လုပ်သားအင်အား ဆုံးရှုံးနေကြောင်း စစ်ကောင်စီအစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅နှစ်အတွင်း အမျိုးသားလူငယ်များအားလုံးကို ပြည်ပနိုင်ငံများသို့ အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပိတ်ပင်ထားသည်။
“အခု အခြေအနေကြည့်ရတာ အလုပ်နဲ့ ပြည်ပထွက်ခွင့်တွေကို မဖြစ်မနေကို တင်းကျပ်တော့မယ် အခြေအနေရှိပါတယ်။ အတော်ခက်ခက်ခဲခဲကို လုပ်ရမယ့် အခြေအနေပဲ။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေလည်း ရပ်တည်ဖို့ ခက်နေသလို ပြည်ပထွက်မယ့် အလုပ်သမားတွေလည်း အရမ်းကို ခက်ခဲနေပြီ” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင် တစ်ဦးက ရှင်းလင်းပြောဆိုသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ပြည်ပအလုပ်အကိုင်အတွက် ခွင့်ပြုမိန့်များကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၂ ရက်လုံး ယာယီရပ်နားထားကြောင်း၊ ယခုအပတ် တနင်္လာနေ့မှစတင်၍ မည်သည့်ပြည်ပအလုပ်အကိုင်ခွင့်ပြုမိန့်ကိုမှ ချမပေး ကြောင်း သိရှိရသည်။
