ရေဦးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်းသေဆုံး၊ တံတားတွင် ကင်းလှည့်နေသော စစ်ကားကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီခန့်တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကြာဖူးအဝိုင်း၊ တိုင်းရင်းဆေးရုံ၊ ရဲစခန်း၊ ရွှေကျီးမင်းဂိတ်နှင့် မြောက်ဘက်ဂိတ်တို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၈၁ မမ လက်လုပ် ၅၃ လုံး၊ RPG ၊ စက်လက်များ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်လို့သေရင် တိုင်းရင်းဆေးရုံထဲမြေမြုတ်ပစ်တာ စုံစမ်းဖို့က ခက်တယ်။ တိုက်ပွဲထိခိုက်ဒဏ်ရာရတဲ့သူကျတော့ ပတ်ဝန်းကျင်က သိနိုင်တာမို့ ပစ်မှတ်ကို ၄ လုံးပဲလွဲချော်ခဲ့တာပါ။ ကျန်တဲ့ ၄၉ လုံးက ပစ်မှတ်ကို ထိခဲ့ပါတယ်။ အသေစာရင်းအတိမကျမသိရပေမယ့် ၃ ကောင်ထက်တော့မနည်း သေဆုံးတယ်လို့ သိရတယ်။ အတိအကျ ပြောဖို့ကခက်တယ်” ဟု ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးပြောဆိုသည်။
ထို့ပြင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင်လည်း ကင်းလှည့်နေသော စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖ အဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် တံတားဦးမြို့နယ် ဆင်တဲရွာနှင့် တပယ်ရွာ အကြားတွင် ကင်းလှည့်နေသော စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
