မြင်းခြံနှင့် ရေဦးမြို့နယ်ရှိ စစ်တပ် ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့ အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဇီးခြံဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း တပ်ရင်းမှူး ဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ဖမ်းဆီးခြင်း လုပ်ဆောင်နေသည့် မြင်းခြံမြို့ အဝင်ရှိ ဇီးခြံဂိတ် (ခေါ်) ၁၈ ဂိတ်ရှိ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦး ပြင်ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြို့နား အထိဝင်တိုးတိုက်ခိုက်ခဲ့တာ အဲဒီဂိတ်က ပြည်သူတွေအပေါ် အနိုင်ကျင့်တယ်။ ဆက်ကြေး ကောက်တယ်။ ဖမ်းတယ်။ စစ်ခွေး ၂ ကောင်သေတာက မျက်မြင်ပါ။ အလောင်းတွေ ဆွဲထုတ်သွားတာ တွေ့ရတယ်။ ဒဏ်ရာရ ၇ ဦးထဲက ၄ ဦးက မစိုးရိမ်ရဘူး။ ၃ ဦးက အပြင်းအထန် ဒဏ်ရာရထားလို့ အသက်လု နေရတယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း တပ်ရင်း မှူးဆရာလေးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မြင်းခြံခရိုင်အမှတ် ၇ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ရွှေကျီးမင်း စစ်တပ် အထိုင်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဦးမြို့နယ်ရှိ ရွှေကျီးမင်း အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်ကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
