စစ်တွေတွင် AA ၏တိုက်ခိုက်မှုကြောင့် စစ်သား ၃၈ ဦးဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေစဉ် ၃ ဦး သေဆုံး
ရခိုင်ပြည်၊ စစ်တွေမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃၈ ဦးဒဏ်ရာရရှိပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ စစ်သား ၃ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်း အာရက္ခတပ်တော် AA က ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ် AA က ထပ်မံ၍ စစ်ဆေးရုံအား ဖေဖော်ဝါရီလ ၁၈ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက်အသက်အန္တရာယ် အလွန်စိုးရိမ်ရသော စစ်ကောင်စီတပ်သား ၃၈ ဦးကို စစ်တွေပြည်သူ့ဆေးရုံးကြီးသို့ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်။
“ဆေးရုံကြီးကို ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွားပါပြီ။ နောက်ထပ်လည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေ ရှိသေးတယ်လို့ သိရပါတယ်။ ရာထူး ဘယ်အဆင့်အထိ ပါတယ်ဆိုတာကိုတော့ မသိရဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။
အာရက္ခတပ်တော် AA က စစ်တွေက စစ်ကောင်စီတပ်ရင်းများကို ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် ရသေ့တောင်ဒေသတို့က ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း အာရက္ခတပ်တော် AA ရှိသည့်နေရာများကိုလည်း ပစ်ခတ်နေသည်။
စစ်တွေမြို့ခံ တစ်ဦးက “အခုရက်ပိုင်း စစ်ကောင်စီတပ်ရင်းတွေက အလုံးအရင်းနဲ့ စစ်အင်အားတွေ တိုးချဲ့နေတာတွေ လုပ်နေတယ်။ နောက်ပြီးတော့ ပြီးခဲ့ရက်ပိုင်းကလည်း စစ်တွေ လေကြောင်းကနေ စစ်အင်အားတွေ ထပ်ပို့နေတယ်ဆိုပြီးတော့ သတင်းရပါတယ်။ စစ်တွေမြို့အဝင်အထွက် ဂိတ်တွေကိုလည်း တပ်အင်းအားနဲ့ လက်နက်ခဲယမ်းတွေ ဒီရက်ပိုင်းမှာ ပို့နေတာတွေ ရှိတယ်”ဟုပြောသည်။
စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေကြောင်း၊ စစ်တွေရှိ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေ၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ ၊ အင်ဂျင်နီယာတပ် အပါအဝင် အမြောက်တပ်၊ ရဲတပ်ရင်း ၁၀ ခုထက် မနည်းတို့တွင်လည်း ခုခံစစ် ပြင်ဆင်နေကြောင်း သိရှိရသည်။
စစ်တွေမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်တင်လာပြီး စစ်ကောင်စီ၏ အချက်အခြာကျသော တပ်ရင်းများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး AA ၏ လက်နက်ကြီးပစ်ခတ်၊ စနိုက်ပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားလျက်ရှိကြောင်း စုံစမ်းသိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
