ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းနှင့် တည်သီးတော စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသဖြင့် စားနပ် ရိက္ခာပြတ်လပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း စွန့်ခွာထွက်ပြေး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းများမှ စစ်သားများနှင့် ပျူစောထီးများမှာ ရိက္ခာပြတ်လပ်၍ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်း၏ စားနပ်ရိက္ခာပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ဆို့ခဲ့ကြောင်း၊ အချိန်များစွာ ကြာမြင့်သည့်အခါ စားနပ်ရိက္ခာပြတ်တောက်၍ ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်တပ်အထိုင်စခန်းများ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများမှာ ဇီးဖြူကုန်းရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြောင်းရွှေ့ ပူးပေါင်းသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာများမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးသွားချိန် ကျေးရွာထဲတွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ပြည်သူအချို့ ကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ပြည်သူများမှာ စာနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သူများက ပြောဆိုသည်။
” အဲဒီ ပျူနှစ်ရွာက ရိက္ခာပြတ်နေတာကြာပြီ။ မွေးထားတဲ့ ကျွဲ နွား ဝက် ကြက်နဲ့ဆိတ်တွေလည်း ကုန်ပြီ။ ဆန်မရှိလို့ စပါးတွေကို မောင်းနဲ့ထောင်းပြီးစားနေရတာ”ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စားနပ်ရိက္ခာဆေးဝါးပြတ်လပ်မှုကြောင့် တည်သီးတောရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဦးကဝိသည် အစားအစာ ဆေးဝါးပြတ်လပ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပျံလွန်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့နယ်ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငှက်ပျောအူများကို စားနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
