အောင်လံမြို့နယ်၊ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီး စားသောက်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီး ကို စားသောက်ဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် အောင်လံမြို့နယ်၊ သမ္ဘူလတိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီးသည် သမ္ဘူလရွာထိပ် လမ်းဆုံရှိ ဦးလောကြီး စားသောက်ဆိုင်တွင် စားသောက်နေစဉ် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုမှ ဝင်ရောက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီးသည် သမ္ဘူလတိုက်နယ် နယ်မြေရဲစခန်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ 2 D ၊ 3 D များ ဘောလုံး ဒိုင်များ ထံမှ လိုင်းကြေးများ ကောက်ခံရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း သိရှိရသည်။
“အောင်လံ သမ္ဘူလ တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ဒုတပ်ကြပ် မျိုးကြီး သမ္ဘူလရွာထိပ် လမ်းဆုံက ဦးလောကြီး စားသောက်ဆိုင်မှာ စားသောက်နေတုန်း ဒေသကာကွယ်ရေးအဖွဲ့တွေက နံနက် ၈ နာရီ အကျော်လောက်က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာ သေဆုံးသွားတယ်။ သေနတ်နဲ့ ခြောက်ချက်ခန့် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရတယ်။ ရဲဒုတပ်ကြပ်မျိုးကြီးရဲ့ ခေါင်း၊ ရင်ဘတ်တွေမှာ ထိမှန်ပြီး သေဆုံးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- အောင်လံမြို့မရဲစခန်းမှ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
