ဆိပ်ဖြူမြို့နယ် ကပစ ၂၂ တွင် အမောင်းသင်နေသည့် စက်တပ် လေထီး ၁ စီး သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျ၍ စစ်သား ၂ ဦး ဒဏ်ရာရ
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ တွင် အမောင်းသင်နေသည့် စက်တပ် လေထီး ၁ စီး သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျ၍ စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နံနက် ၉ နာရီခန့်တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စက်တပ်လေထီး အမောင်းသန်နေစဉ် သစ်ပင်နှင့် တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျက်ကျခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကပစ ၂၂ မှ နေ၍ စက်တပ်လေထီးများဖြင့် ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ သတင်းရတာတော့ စစ်ခွေး ၂ ကောင် ဒဏ်ရာတယ်လို့ သိရတယ်။ အမောင်းသင်နေတာတော့ကြာပြီ အဲကနေပြီး ဆိပ်ဖြူတို့ ပေါက်မြို့နယ်တို့ အတွင်းကို လိုက်လံဗုံးကျဲနေတာ စစ်မှုထမ်း သင်တန်းသားတွေကို သင်ပေးတာလားတော့ သေချာမသိဘူး။ ပျက်ကျလို့ ဒဏ်ရာရတဲ့ အခြေအနေပဲသိရတယ်။ ပြည်သူတွေအနေနဲ့လည်း စက်တပ်လေထီးတွေကို သတိထားဖို့ ပြောချင်တယ်။ အခုလိုတွေ သင်ကြားပေးနေတာဆိုတော့ ဗုံးကျဲ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာမယ့် သဘောရှိတယ်” ဟု ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာ စာသင်ကျောင်းကို စက်တပ် လေထီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ ကျေးရွာများကိုပါ စက်တပ် လေထီးများ အသုံးပြု၍ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာများကို စစ်တပ်က စက်တပ် လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်နေစဉ်
