မြင်းမူတွင် PDF စခန်း စီးနင်ခံရပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ဗိုလ် ၁ ဦး သေဆုံး၊ မုံရွာ အမြန်လမ်းပိုင်းတွင် စစ်ယာဥ်တန်းနှင့် ကင်းပုန်းကို တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီးနင်းသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း Moe Nyo Revolution Force – MNRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မြင်းမူမြို့နယ် အခြေစိုက် Moe Nyo Revolution Force (M.N.R.F) စခန်းတစ်ခုတွင် ရဲဘော်ဘိုမင်းချီ၊ ရဲဘော်ဒိုးကြီး ၊ ရဲဘော်ပြည့်စုံတို့ ၃ ဦး တာဝန်ထမ်း ဆောင်နေစဉ် အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး သေဆုံးပြီး M.N.R.F တပ်ဖွဲ့မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ ကျဆုံးကာ ရဲဘော် မောင် ဒိုးကြီး၊ ရဲဘော်ပြည့်စုံ တို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် အသက်ပေးလှူသွားခဲ့သော ရဲဘော် ဘိုမင်းချီသည် (M.N.R.F) တပ်ဖွဲ့ တပ်မှူး မိုးညို၏ ညီအငယ်ဆုံး တော်စပ်သူဖြစ်ပြီး အကို ဖြစ်သူ တပ်မှူး မိုးညိုအား ကာကွယ်ရန်အတွက် မကြာသေးသော အချိန်ကာလ တစ်မှ တပ်ဖွဲ့အ တွင်း ဝင်ရောက်လာသူဖြစ်ကြောင်း၊ ကျဆုံးသူ ရဲဘော် ဘိုမင်းချီသည် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းချိန် ကျန်တပ်ဖွဲ့ဝင် ရဲဘော်များ ဆုတ်ခွာနိုင်ရန် ကာပစ်ပေးနေစဉ် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရခြင်း ဖြစ်ပြီး ၎င်း၏ ကာကွယ်ပေးမှုကြောင့် စခန်းရှိ တပ်မှူးမိုးညိုနှင့် တကွ ကျန်ရဲဘော်ရဲဘက်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲဘော် ဘိုမင်းချီ၏ ပေးဆပ်မှုသည် M.N.R.F တပ်ဖွဲ့အတွက် သာမက ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးအတွက်ပါ ဆုံးရှုံးနစ်နာရကြောင်း MNRF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာ အမြန်လမ်းပိုင်းတွင် မုံရွာမှ ထွက်လာသော သံပြားကာကား ၆ စီး နှင့် ကင်းပုန်းထွက်လာသော ကား၂ စီးကို တိုက်ခိုက်ခဲ့ကြောင်း Myaung Drone Force MDF အဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မုံရွာ အမြန်လမ်းပိုင်းတွင် မုံရွာမှ ထွက်လာသော သံပြားကာကား ၆ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များ ၊ မိုင်း နှင့် ဒရုန်း များဖြင့် တော်လှန်ရေး တပ်ပေါင်းစုများက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ သံပြားကာကား ၂ စီးပျက်စီးပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင်လည်း ကင်းပုန်းဝပ်ရန် ထွက်လာသောကား ၂ စီးကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်အမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို M.D.F (Drone)ကျားခင်စိန်တပ်ဖွဲ့နှင့် စစ်ကိုင်းခရိုင်တပ်ရင်း(၁)တပ်ခွဲ(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၅) S.D.D.F စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်ထောက်ပို့တပ်ရင်း၊ ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့(ရေစကြို)၊ အားမန်သစ် (ငါးဇွန်)၊ Peacock Drone Team- Myaung၊ ဗိုလ်စာကလေးဒရုန်းတပ်ဖွဲ့(ကျေးရွာတပ်ပေါင်းစု Myaung )တို့နှင့်အတူ နယ်မြေခံPDFများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
