တနင်္သာရီမြို့နယ်အတွင်း စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုရှိပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တနင်္သာရီမြို့မှ သိန်ခွန်းရွာဘက်ကို စစ်ကူရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တမုတ်ချုံးရွာ အနီး တစ်ရောက်တွင် စတင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများ သေဆုံးမှုနှင့် ဒဏ်ရာရ အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ် (ပ က ဖ) ဇုန် ၄ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများကြောင့် ဒေသ ပြည်သူများ၊ ခရီးသွား ပြည်သူများ အနေဖြင့် သတိရှိစွာ သွားလာ နေထိုင်ပေးကြပါရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု့၍ မေတ္တာရပ်ခံကြောင်း တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။

