အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ်နှင့် တန့်ယန်း ဗျူဟာမှူးတို့ ကျားဖြန့်ဂိုဏ်းများထံမှ ငွေသိန်းထောင်ချီလာဘ်ယူမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရ
ရန်ကုန်၊ မတ် ၁
MNDAA ၏ တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့် တိုင်းစစ်ဌာနချုပ် လက်ကိုင်မရှိသော အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ်နှင့် တန့်ယန်းဗျူဟာမှူးတို့ကို စစ်ကောင်စီက တရုတ်ကျားဖြန့်ဂိုဏ်းများထံမှ ငွေယူမှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည်ဟုဆိုကာ ယခင် ရမခ(တန့်ယန်း) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ရမခ တိုင်းဦးချုပ်၊ မိုင်းရယ် ဗျူဟာမှူး၊တန့်ယန်းဗျူဟာမှူးတို့ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
“တိုင်းမှူးတော်တော်များများ ကျားဖြန့် Case နဲ့ ငြိနေတယ်။ နွယ်နေတယ် ။ ဒီကျားဖြန့်နဲ့နွယ်တဲ့ဟာတွေ စောစော စီးစီးရှင်းထုတ်နေတဲ့သဘောမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ရှမ်း ၄ ရှမ်းလို့ ခေါ်တဲ့ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်း၊ တြိဂံပေါ့ ။ အဲဒီနေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ထမ်းဆောင်ဖူးကြတဲ့ ရာထူးကြီးပိုင်း အတော်များများလည်း ဆက်ပြီးငြိလိမ့်မယ်။ အဲဒီလို ခန့်မှန်းတယ် အထဲထဲမှာ ပြောနေကြတာ လည်းကြားရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းမှူးများကို စစ်တက္ကသိုလ်ဆင်း၊ တေဇ ခေါ် အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများကို မျှ၍ ခန့်ထားကြောင်း ၊ အဆိုပါ ကျောင်းများသည် တစ်ကျောင်း နှင့် တစ်ကျောင်း နီးစပ်မှုမရှိဘဲ မတည့်သည့် သဘောရှိနေကာ အချင်းချင်း ပြန်စောင့်ကြည့်၍ စစ်သတင်းရရှိရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ဖမ်းဆီးခံရသူများအနက်မှ ရမခ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးမှာ ကျားဖြန့်လုပ်ငန်းများမှ သိန်းထောင်ချီ လစဉ် ရယူခဲ့သည့်အပြင် တပ်တွင်း ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။
တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးသည် တန့်ယန်း၊ မန်ကတ် နှင့် မိုင်းရယ် ဒေသများရှိ ကျားဖြန့် လောင်း ကစားလုပ်ငန်းများတွင်ပါဝင် ပတ်သက်နေပြီး တရုတ်ငွေနှင့် မြန်မာကျပ်ငွေ သိန်းထောင်ချီ လစဥ် ရယူခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးမှာ အရက်ကောင်းများကို ပုံမှန် သောက်သုံးပြီး လက်အောက်ငယ်သား စစ်သည်များကို နေ့စဉ် ဆဲဆို ရိုက်နှက် ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာလည်း လက်အောက်ငယ်များကို ဆဲဆို ရိုက်နှက်ပြီး လင်မယား ၂ ဦးလုံး မူးယစ်ဆေးဝါး သုံးစွဲကြကြောင်း သိရှိရသည်။
ယခင်ကာလက တပ်တွင်း အရာရှိများက ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ထွန်းနိုင်စိုးကို တိုင်ကြားသော်လည်း နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ တူတော်စပ်ခဲ့သဖြင့် အရေးယူခံခြင်းမှ ကင်းလွတ်ခဲ့ကြောင်း သိရှိရသည်။
” တန့်ယန်းမြို့မှာ ရုံးစိုက်ထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုးက ယုတ်မာ ရိုင်းစိုင်းတဲ့ အရာရှိကြီး တစ်ဦးပါ။ လက်အောက်ငယ်သားတွေ အပေါ် ထိုးကြိတ် ရိုက်နှက်တာတွေ အမြဲဆဲဆိုနေတာတွေကြောင့် ရမခ ကွပ်ကဲမှု အောက်မှာရှိတဲ့ အရာရှိစစ်သည်တွေ ဒုက္ခ ရောက်နေကြပါတယ်။ တပ်တွင်းအမှု ဖြစ်စဉ်တွေကိုလည်း ကိုယ်လွတ်ရုန်းပြီး တခြား သူတွေကို ထိုးကျွေးနေပါတယ်။ တပ်တွင်းမှာ မှီခို ရဲမေ စစ်သည်များပါ မကျန် သူတစ်ခွန်းဆို တစ်ခွန်းကြောက်နေရပါတယ်။ မူးယစ်ဆေးဝါးတွေ စိတ် ကြိုက်သုံးစွဲတဲ့အပြင် ကျားဖြန့်လုပ်ငန်းတွေမှာပါ တရုတ်ငွေနဲ့ အိတ်ကပ်ဖောင်းနေခဲ့သူပါ။” ဟု တပ်တွင်း မိသားစုများက ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ- ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးနှင့် ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်း။

