29 C
Yangon

ကန့်ဘလူတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ် ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး

Must read

ကန့်ဘလူတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ် ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ပြီး ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြှောက်တပ်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ဝါသဝ အဖွဲ့မှ ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကွင်း ၉ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ နေ၍ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၂၀၀ ကျော်ခန့်ပါဝင်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ ကန့်ဘလူမြို့နယ် ပေကြီးရွာကို ဝင်ရောက် စီးနင်းခဲ့ကာ လက်ရှိချိန်ထိ ယာယီတပ်စွဲထားပြီး ပေကြီးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေကြီးရွာမှ သက်ကြီး ရွယ်အိုများ၊ အမျိုး သမီးများနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ၃၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ငှက်ပျောတိုင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင်ပြည်သူ ၃ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပေကြီးရွာ၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ကြောင်းက ၁၉ ရက်နေ့ကတည်းကပါ။ ၃၆၁ စစ်ကြောင်းနဲ့ ဝါသဝရဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းပါ။ ပြည်သူ ၃၀ ဦးခန့်ကို ပေကြီးရွာထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်။ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ၂၃ ရက်နေ့မှာ အပြစ်မဲ့ ပြည်သူ ငှက်ပျောတိုင်းရွာသား ၃ ဦး ဖမ်ဆီး သတ်ဖြတ်ခံရတယ်။ အသတ်ခံရတဲ့ထဲမှာ ၁၂ နှစ် အရွယ် ကလေးငယ်ပါဝင်ပါတယ်။ ကန့်ဘလူမြို့နယ်မှာ ပျူတွေ ပိုများလာပြီး ဝါသဝရဲ့ ပြည်သူ့စစ်တွေ အင်းအား တောင့်တင်းလာတဲ့အတွက် ပျူအင် အားနဲ့ယှဥ်နိုင်ဖို့ လူကြီးတွေအနေနဲ့ တော်လှန်ရေး အထောက်အပံ့ပိုပြီးတော့ပေးဖို့လိုအပ်နေပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က ပေကြီးရွာထဲ၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article