ရေစကြို ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးမှု အမျိုးသမီး ၁ ဦးသေဆုံး၊ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးကာ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်၍ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းကျေး အတွင်းသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်သားများက ဆင်ခြေရာကျေးရွာအတွင်းကို လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အခြား ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်မီးရှို့နေမှုကြောင့် ပြည်သူ ၁ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“မြေစွန်းရွာသစ်ထဲမှာ ရောက်နေတဲ့ စခတွေက ဆင်ခြေရာကျေးရွာထဲလှမ်းထုတာ၊ အမျိုးသမီး တစ်ဦး သေတယ်လို့ ကြားတယ်၊ စစ်ရှောင်တွေကို စခတွေဘက် လှမ်းထုတာ၊ အဲဒီနေရာမှာ စခ တွေလည်းရှိနေသေးတော့ အတိအကျတော့ မသိရသေးဘူး။ မီးတွေလည်းရှို့နေတယ်။ ပြည်သူတွေ ရှောင်နေကြရတာ၊ ရွာ ၁၀ ကျော်လောက်ရှိတယ်။ ပြည်သူကတော့ ၁၀၀၀၀ ကျော်လောက်ရှိတယ်။” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်သားများက မြေစွန်းရွာ၊ ရွာသစ်၊ မင်္ဂလာခြံ ကျေးရွာ ၃ ရွာကို မီးရှို့နေပြီး လက်နက် ကြီးများဖြင့်လည်း အနီးအနားကျေးရွာများကို ပစ်ခတ်နေကြောင်း ၊ အကြမ်းဖက် စစ်တပ်ကြောင့် ဖျက်ဆီးထားသော နေအိမ် အရေအတွက်ကို အတည်ပြုရန် ခက်ခဲနေပြီး စစ်ကောင်စီတပ်သားများက ဆက်လက် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
