25.8 C
Yangon

ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၁ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သရက်ခရိုင်စစ်ဌာနက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ နွယ်လံလမ်းပေါက်ဂိတ်စခန်းနှင့် လယ်မလံလမ်းပေါက်ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကာ ဘန်ကာ ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ ဧကရာဇ်စခန်းနှင့် ကိုးပင်-သရက်လမ်းပေါ်ရှိ သာစည်လမ်းပေါက်ဂိတ်တို့ကို တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဧကရာဇ်စခန်းမှူး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သာစည်လမ်းပေါက် ဂိတ်စခန်းတွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ အပြင်းအထန်ရရှိကာ ၎င်းဂိတ်မှ ကျန်ရှိနေသော စစ်သားများသည် ဘဝသစ်ကျောင်းစခန်းကို ပူးပေါင်းသွားပြီး ထိုဂိတ်စခန်းကို အပြီးတိုင်သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

မေလ ၂၇ ရက်နေ့တွင်လည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သရက်လမ်းပိုင်းရှိ သပြေစမ်း (အိုးလွယ်ဆွဲ) ဂိတ်စခန်းကိုလည်း တော်လှန်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးနှင့် လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုဂိတ်စခန်းကို အပြီးတိုင် သိမ်းပိုက် မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သားများ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ဇွန်လ ၅ ရက်နေ့တွင်လည်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သရက်လမ်းနှင့် အမှတ် ၁ ခရိုင်ချင်းဆက်လမ်းဆုံရာ စခန်းမြေနီလမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းကို သရက်ခရိုင် အထူးလှုပ်ရှားတပ်ဖွဲ့၊ သရက်ခရိုင်အမှတ် ၅ တပ်ရင်းနှင့် ဆင်ပေါင်ဝဲမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ် ဂိတ်စခန်းမှ ဘန်ကာ ၄ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်သည် တော်လှန်ရေးကာလ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုနှင့် အဝေးဆုံးမှ သွားလာလှုပ်ရှားနေထိုင်ကြပြီး လုံခြုံရေး အသိ၊ သတိအမြဲရှိကြရန် သရက်ခရိုင်စစ်ဌာနက တိုက်တွန်း မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article