တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၁၅ မိနစ်ထိ တံတားဦးမြို့နယ် ၊ မြိုင်သာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ တံတားဦး ပကဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီ ၄၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာ အနီးတဝိုက် တို့တွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၁၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ မျက်ရှုကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်က နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာတို့ရှိ ပြည်ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ မှ ညနေ ၄ နာရီထိ မြင်းခြံမြို့နယ် ၊ ကျောက်ကန်ကျေးရွာအနီးကို ရောက်ရှိလာသော အကြမ်းဖက် စစ်သားများနှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Jet Fighter ဖြင့် ၂ ကြိမ် ၊ Mi – 35 ဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၄ ရက်တာ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အဲဒီစစ်ကြောင်းကလည်း တံတားဦးမြို့နယ် အမြန်လမ်း မိုင်တိုင် ၃၃၅ ဘက်ကနေ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတာပေါ့။ အခုဆိုရင် နွားထိုးကြီးမြို့နယ် ရုန်းရင်းတောရွာထိကို တောက်လျှောက်ထိုးလာတာ” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။
ယင်းတိုက်ပွဲများသည် နေ့စဥ်ဖြစ်ပွားနိုင်သောကြောင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နှင့် မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းတို့ကို ခဲယမ်းကျည်ဖိုးများ ထောက်ပံ့ပေးကြရန် မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက အကူအညီ တောင်းခံထားသည်။
