32 C
Yangon

မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ပခုက္ကူ-ကံမ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်မှ ထွက်လာသော စစ်သားများကို ပစ်ခတ်မှု ၁ ဦး သေဆုံး

Must read

မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ပခုက္ကူ-ကံမ လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်မှ ထွက်လာသော စစ်သားများကို ပစ်ခတ်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ မတ် ၄

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅ ခန့်တွင် မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

“လက်နက်ခဲယမ်းတွေတော့ ကောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ တိုက်ခိုက်မှုက ၁၅ မိနစ်၊ မိနစ် ၂၀ လောက် တော့ကြာခဲ့တယ်။ စခ ၄ ဦးသေတယ်။ သေတဲ့သူတွေကို အထက ၂ ကျောင်းထဲမှာ အခေါင်းပုံးနဲ့ ပြင် ပြီးတော့ ထားတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရဘူး။ လူနာတင်ကားနဲ့လာခေါ်သွားတာ မြင်းခြံ Black Tiger တပ်ဖွဲ့အနေနဲ့ ရန်သူနဲ့ ပတ်သက်လို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးကို အကောင်းမွန်ဆုံးနိုင်တဲ့နေရာက ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံခြင်းပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်ကြသော ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကံမ လမ်းပိုင်းရှိ ညောင်ဂျစ်ပင်ရွာ စစ်တပ် စစ်ဆင်ရေးဂိတ်စခန်းမှ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကံမ လမ်းပိုင်းရှိ ညောင်ဂျစ်ပင်ကျေးရွာ စစ်တပ် အထိုင် စစ်ဆေးရေးဂိတ်စခန်းမှထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ကြာမြင့်ချိန် ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး မီတာ ၅၀ အကွာအဝေးမှ အနီးကပ် ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Thurain TR ၊ Hunter (Pakokku) ၊ Six Senses Guerrilla Force ၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး) တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူ့ကုန်ကား ၁ စီး ထိခိုက်မှု ရှိခဲ့ပြီး စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများနှင့် ဝေးရာတွင် နေထိုင်သွားလာကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article