ကျောက်ကြီးရှိ စစ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း (P2-9914) က ပြောဆိုသည်။
မတ်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ တောင်စုကျေးရွာနှင့် တမာခေါ ကျေးရွာတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်း ၃ ခုကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၅၂၅ တောင့် ၊ ကျည်ဘောက် ၆ ခု ၊ ကျည်ဘောက် ၃ ခု ၊ ကျည်ကာ ဦးထုပ် ၆ လုံး ၊ RPG ၃ လုံး ၊ RPG (ပို့ယမ်း) ၂ ခု ၊ ၆၀ မမ ဗုံးသီး ၇ လုံး ၊ အီနာကာ (MA) ၃ ခု ၊ မိုင်းရှာစက် ၁ ခု နှင့် ဂျန်ဘာစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ တပ်ရင်း ၈ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အထူး ကွန်မန်ဒိုတပ်ရင်း (P2-9914) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကွင်းချောင်းဝရွာနှင့် ရွာကြီးအင်းရွာ၌ အထိုင်ချတပ်ဆွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်ကြီးမြို့နယ် အင်းနက်ရွာကို အကြမ်းဖက် စစ်တပ် က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
