ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃ ရက်နေ့တွင် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်မိုင်းမိထားသော ဒဏ်ရာရ စစ်သား ၂ ဦးကို ပလိုင်းရွာ စာသင်ကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သားများနှင့် ပျူစောထီးများက လာရောက် ခေါ်ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ ၊ P.D.O တိုက်ခိုက်ရေးအဖွဲ့ ၊ တိုက်နယ် (၅) ၊ ပကဖ ရပ်ကျေးတိုက်ခိုက်ရေးအဖွဲ့ ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ် ၊ လျှပ်စီးမုန်တိုင်း ပကဖ ၊ နယ်မြေခံ တပ်ရင်း( ၄ )တပ်ခွဲ( ၂ ) ၊ ဒီပဲယင်းမြို့နယ် တိုက်နယ်( ၃ ) ပကဖ နှင့် ဒီပဲယင်းမြို့နယ်၊ တိုက်နယ် (၄) ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကလည်း ပလိုင်းရွာ မြောက်ဘက်ကို ကင်းထွက်ယူနေသည့် စစ်ကောင်စီ တပ်သားများက လျှပ်စီး ပကဖ ထောင်ထားသော မိုင်းကို နင်းမိ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့တွင် ပလိုင်းရွာ အနောက်တောင်ဘက်ကို ဟင်းသီးဟင်းရွက်ရှာရန်နှင့် ထင်ခွေရန်ထွက်လာသော စစ်ကောင်စီ တပ်သားများကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖ၊ ဂဠုန်ကြီး ပကဖ၊ အောင်ဘော် ပကဖ ၊ I.C ပကဖ ၊ အားမာန် ပကဖ ၊ ရွှေဘိုသား ပကဖ နှင့် ဒီပဲယင်းမြို့နယ် ပကဖ တို့ ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ရွှေဘိုမြို့နယ် တိုက်နယ် ၅ Drone အဖွဲ့၊ ဂဠုန်ကြီး Fixed Wing Drone အဖွဲ့ ၊ အားမာန် Fixed Wing Drone အဖွဲ့ ၊ I.C Fixed Wing Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wing Drone အဖွဲ့နှင့် P1811Drone တပ်ရင်းတို့ကလည်း ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရတယ်။ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့ အနေနဲ့ ခဲယမ်း ခက်ခဲမှုကြောင့်သာ ခွေးအသေ လာကောက်တာကို စောင့်ပြီးမတိုက်ခိုက်နိုင်ခဲ့ဘူး။ ခဲယမ်းသာတောင့်တင်ရင် ခွေးအသေကောက်တဲ့အချိန်ထိစောင့်ပြီး ခွေးတွေကို တိုက်ခိုက်နိုင်မယ်။ ကျနော်တို့မြေပြင် တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
