နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်များအား နိုင်ငံတကာက အရေးယူပေးရန် Justice For Myanmar တောင်းဆို
ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများ၏ ပင်မရင်းမြစ်ဖြစ်သည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ရေး အလေးထားလုပ်ဆောင်ပေးရန် ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအစိုးရများအား Justice For Myanmar အဖွဲ့က တိုက်တွန်းတောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများရှိရာ မြန်မာနယ်စပ်ဒေသများအား လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းသည် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်ခဲ့သည်ဟု JFM ကဆိုသည်။
သို့သော် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၏ ပြဿနာရင်းမြစ်ကို ပစ်မှတ်ထားခြင်းမရှိဘဲ လျှပ်စစ်မီးယာယီ ဖြတ်တောက်ရုံမျှဖြင့် အဆိုပါပြသနာများအား ဖြေရှင်းနိုင်မည် မဟုတ်သည့်အတွက် မြန်မာနိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်လုပ်ငန်းကြီးများ ကြီးထွားပျံ့နှံ့လာခဲ့ရသည့် အဓိက ပြဿနာရင်းမြစ်များကို ဖြေရှင်းရန် အရေးကြီးကြောင်း JFM ကထောက်ပြပြောဆိုသည်။
မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ပြီး ၎င်းတို့ကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရေး ထိုင်းနိုင်ငံနှင့် နိုင်ငံတကာအစိုးရများက ဖိအားပေးလုပ်ဆောင်ရန်မှာလည်း အရေးကြီးကြောင်း JFM ကဆိုသည်။
လျှပ်စစ်မီးယာယီ ဖြတ်တောက်ခြင်းက ငွေလိမ်လုပ်ငန်းများအား အခြားဒေသများဆီသို့ ပြောင်းရွှေ့သွားစေခဲ့ပြီး အဆိုပါလုပ်ငန်းများအား ပိုမိုကျယ်ပြန့်သွားစေသည်ဟုလည်း Justice For Myanmar က ထောက်ပြပြောဆိုသည်။
မြဝတီမြို့နယ်က ငွေလိမ်လုပ်ငန်းများရှိရာ ဒေသများအား ထိုင်းနိုင်ငံက ယခုတကြိမ် လျှပ်စစ်မီးဖြတ်တောက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သလို၊ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင်လည်း ထိုကဲ့သို့ ငွေလိမ်လုပ်ငန်း ဇုန်၂ခုကို လျှပ်စစ်မီးဖြတ်တောက်ခဲ့ကြောင်း JFM ကဆိုသည်။
ထိုသို့ လျှပ်စစ်မီးဖြတ်တောက်ခဲ့သော်လည်း အဆိုပါငွေလိမ်လုပ်ငန်းများသည် ထိုင်းနိုင်ငံပိုင်နဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ မြန်မာစစ်တပ်နှင့် လက်အောက်ခံပြည်သူ့စစ်များ၊ မိတ်ဖက်များ၏ အားပေးကူညီမှုဖြင့် လုပ်ငန်းများ ပိုမိုတိုးချဲ့လာနိုင်ခဲ့သည်ကိုပင် တွေ့ရကြောင်းလည်း ဆိုသည်။
ဂြိုလ်တုဓါတ်ပုံများမှတဆင့် လေ့လာဆန်းစစ်သုံးသပ်မှုတွေအရ KK Park၊ Yatai New City၊ Yulong Bay Park၊ Apollo Park၊ Huanya နှင့် Dongmei Park တို့အပါအဝင် သိရှိထားသမျှ ဆိုက်ဘာငွေလိမ်ခြံကြီးများသည် ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ တိုးချဲ့ကြီးထွားလာခဲ့သည်ဟု JFMက ဆိုသည်။ မင်းလက်ပံဒေသတွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အမှတ်လက္ခဏာများနှင့် ခြံအသစ်ကြီးများ ပေါ်ထွက်လာခဲ့ကြောင်း JFMကထုတ်ပြန်သည်။
အဓိကအားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (သို့မဟုတ်) ကျားဖြန့် လုပ်ငန်းများသည် မြန်မာစစ်တပ်၏ ရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ ဗဟိုချက်တွင် တည်ရှိနေပြီး၊ တိုင်းပြည်ကို အာဏာသိမ်းထားသော မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကိုလည်း လက်သပ်မွေးကာ လှုပ်ရှားစေခဲ့သည်ဟု JFM က ၄င်းတို့၏ သုသေသနတွေ့ရှိချက်များအပေါ် အခြေခံ၍ ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာစစ်တပ် အာဏာသိမ်းခဲ့အပြီး မြဝတီမြို့နယ်အတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများ တဟုန်တိုး တိုးပွားလာခဲ့သည်။
မြန်မာစစ်တပ်နဲ့ ပြည်သူစစ်များသည် မြန်မာနိုင်ငံတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှတဆင့် အကျိုးအမြတ်များစွာ ရရှိနေပြီး၊ အဆိုပါအကျိုးအမြတ်များသည် စစ်ကောင်စီ၏ တိုင်းပြည်တွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှုများအား ကြီးစွာအထောက်အကူပြုနေသည်ဟု JFM ကဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်တပ်၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်များအပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများအား တညီတညွတ်ထဲ တိုးချဲ့ချမှတ်ပေးရန် JFM ကတောင်းဆိုထားသည်။
မြန်မာစစ်တပ်နှင့် ၎င်းတို့ရဲ့ ရာဇဝတ်စီးပွားဂိုဏ်းအား အပြီးတိုင်ဖျက်သိမ်းရန် လိုအပ်နေပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေခြင်းကိုလည်း အမြန်ဆုံးအဆုံးသတ်ရန် လိုအပ်ကြောင်း JFMကထည့်သွင်းတောင်းဆိုထားသည်။
ထိုင်းနိုင်ငံအနေဖြင့် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် မြန်မာစစ်တပ်အပေါ် ရာဇဝတ်ကြောင်းအရစုံစမ်းစစ်ဆေးမှုများအား တိုးချဲ့လုပ်ဆောင်သင့်ပြီး အဆိုပါဒေသများတွင် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ ကြီးထွားလာအောင် အားပေးကူညီခဲ့သော ထိုင်းအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းများအားလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့် Justice For Myanmarက ထောက်ပြပြောဆိုသည်။
ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအပေါ် လျှပ်စစ်မီးနှင့် လောင်စာဆီရောင်းချမှု ပိတ်ပင်သော အရေးယူဆောင်ရွက်မှုများအား ပိုမိုတိကျစွာ ပစ်မှတ်ထားဆောင်ရွက်သင့်ပြီး ဒေသခံလူထု ထိခိုက်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်သင့်ကြောင်းလည်း ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်လောင်စာဆီနှင့် လျှပ်စစ်မီးပေးပို့မှုများ၊ တည်ရှိပြီးစွမ်းအင်ရောင်းချမှု သဘောတူစာချုပ်များအား အရေးတကြီး ပြန်လည်သုံးသပ်သင့်ပြီး မည်သည့်ရောင်းချမှုများက ရာဇဝတ်လုပ်ငန်းများအား အားပေးကူညီခဲ့ကြောင်းကို ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြသင့်သည်ဟု JFM ကထုတ်ပြန်ပြောဆိုသည်။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီလုပ်ငန်းတွေ ကြီးထွားလာအောင် ခွင့်ပြုပေးခဲ့တဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စု၊ နယ်ခြား စောင့်တပ်တွေနဲ့ ကြံရာပါမိတ်ဖက်တွေကိစ္စကို ဖြေရှင်းခြင်းမရှိရင် ဘယ်လိုဖြိုခွင်းမှုပဲဖြစ်ဖြစ် ဒီငွေလိမ်လုပ်ငန်းတွေက နေရာပြောင်းလုပ်ဆောင်နေမှာဖြစ်ပြီး၊ အမြစ်ဖြတ်နိုင်မှာ မဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။



