မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာ အစပ်ရှိ ခမရ ၄၃၅ တပ်ရင်း ဂိတ်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်
ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် နှင့် တောင်ဥက္ကလာမြို့နယ် အစပ်ရှိ ခမရ ၄၃၅ တပ်ရင်း ဂိတ်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Foce-FLA အဖွဲ့က ပြောဆိုသည်။
မတ်လ ၄ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၅ တပ်ရင်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၂ လုံးဖြင့် အနီးကပ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သဆုံးမှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မနေ့က ညတုန်းက ပေါက်ကွဲသံကြားလိုက်ရတယ်။ အကျယ်ကြီးပဲ မနက်ရောက်တော့ လိုက်မေးကြည့်တော့ ၄၃၅ တပ်ရင်းဂိတ် ဖောက်ခွဲ တိုက်ခိုက်ခံရတာလို့ သိရတယ်။ ညက လူနာတင်ကားတွေ သွားတာကြားတော့ ထိခိုက်မှုရှိနိုင်မယ်ထင်တယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Freeland Attack Foce-FLA နှင့် Yangon Army (YA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး အင်အားစုများ အနေဖြင့် ရန်ကုန်မြို့ပြကို အကြမ်းဖက် စစ်ကောင်စီ လုံး၀အုပ်ချုပ်ခွင့်မရစေရန် အစွမ်းကုန် တွန်းလှန် ခုခံနေမည်ဖြစ်ပြီး ရန်ကုန်မြို့ပြအတွင်း အများပြည်သူနှင့်အတူ လျှို့ဝှက်စွာ တည်ရှိနေမည်ဖြစ်ကြောင်း Freeland Attack Foce-FLA အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။
