ပခုက္ကူ-ကမ္မ လမ်းပိုင်းရှိ ညောင်ဂျစ်ပင် စစ်တပ် အထိုင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းရှိ ညောင်ဂျစ်ပင် စစ်တပ် အထိုင် စစ်ဆေးရေးဂိတ်ကို စနိုက်ပါ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း Six Senses Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပိုင်းရှိ ညောင်ဂျစ်ပင်ကျေးရွာ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်ဥ စစ်ဆေးရေးပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိသည်။
“အထိုင်ချထားတဲ့ အင်အားကတော့ ၅၀ လောက်ရှိတယ်။ ၂ ကောင်သေတယ်။ အထိခိုက်တော့ ရှိအုန်းမှာပါ။ လက်နက်ငယ် စနိုက်ပါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဆောက်အဦး ထိခိုက်မှုကတော့ အဲလိုတော့မရှိပါဘူး။ သူတို့တွေ ထွက်အလာပစ်တာဆိုတော့ စစ်ခွေးရယ် ပျူစောထီးရယ်၊ မိန်းမယောကျာ်း အားလုံးပေါင်း ၅၀လောက်ရှိတာပါ။ အဲဒီမှာက သူတို့က ညောင်ဂျစ်ပင်ဆိုတဲ့ ဘုန်းကြီးကျောင်းရွာထဲကိုမှ သူတို့က အထိုင်ချပြီးတော့ သူတို့က လမ်းပေါ်ကို ထွက်ပြီး ပြည်သူတွေ ကားတွေမှာ အခွန်ကောက် ဆက်ကြေးတောင်းနေတာပါ။ အဲဒီလိုမျိုး အဲဒါကိုမှ ကျွန်တော်တို့ ထွက်လာတဲ့ဟာကို ပစ်ခတ်ပစ်ခတ်တာပါ ” ဟု Six Senses Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထိုပစ်ခတ်တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီ ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ပျူစောထီးအဖွဲ့ဝင်ဟု ယူဆရသောအမျိုးသား ၁ ဦးနှင့် အမျိုသမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို Six Senses Guerrilla Force၊ Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokku၊ Justice Revolution Force၊ Black Cheater နှင့် မြိုင် ပကဖ (ကိုနှင်းဂွေး) တို့မှပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။
