နောင်ချို ၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ် နောင်ချို ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် ပြည်သူ ၁၇ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၈၅ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့မှ မတ်လ ၇ ရက်နေ့အတွင်း TNLA ထိန်းချုပ်ထားသည့် နောင်ချို ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို အကြမ်းဖက်စစ်တပ်က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ကူမင်းတွင် တရုတ်ဦးဆောင်၍ ပြုလုပ်ခဲ့သည့် TNLA နှင့် စစ်ကောင်စီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည့် အချိန်များတွင်ပင် တိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရလဒ်မထွက်သည့် တွေ့ဆုံမှုပြီးဆုံးသည့် ရက်အနည်းငယ်အကြာ ဖေဖော် ဝါရီလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဗုံးကြဲမှုကြောင့် နောင်ချိုမြို့တွင် ဆေးရုံ တစ်ရုံ ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူ ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ၁ ကီလိုမီတာ အကွာတွင် ရှိသည့် အုန်းမောက်ဒီ ကျေးရွာကို ဒရုန်းနှင့် တိုက်ခိုက်ခဲ့၍ အုမ္မသီးဘုန်းကြီး ကျောင်း မီးလောင် ပြာကျခဲ့ကာ အဆိုပါနေ့တွင်ပင် ပိုက်လိုင်းအနီးရှိ ဆမ္မဆယ်နှင့် ဘန့်ဘွေးကျေးရွာများကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့၍ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လယ်တွင်မူ အကြမ်းဖက်စစ်တပ်က အုမ္မသီး ကျေးရွာရှိ ပြည့်ဖြိုး စားသောက်ဆိုင်ကို ဗုံး ၂ လုံးကျဲချခဲ့၍ စားသောက်ဆိုင်နှင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာကို အကြမ်းဖက်စစ်တပ်သည် မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်း လေယာဉ်၊ ဒရုန်းများနှင့် ထပ်မံ ဗုံးကျဲခဲ့၍ နေအိမ် ၁၀ လုံး မီးလောင် ပြာကျခဲ့ကြောင်း၊စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မှု အများဆုံး လုပ်ဆောင်ခဲ့ပြီး မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင်မူ သတ္တုတူးဖော်ရာ ဒေသများကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁ နာရီတွင် မိုးကုတ်မြို့ အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာရှိ ကျောက်တွင်းကို Y 12 ဂျက်ဖိုက်တာ လေယာဉ်နှင့် ဗုံး အလုံး ၂၀ ကျော် ကျဲချခဲ့၍ ပြည်သူ ၅ ဦး သေဆုံးကာ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မူ မိုးမိတ်မြို့အနီး ဝဲပေါင်းကျေးရွာရှိ ရွှေတွင်းကို ဂျက်ဖိုက်တာ လေယာဉ်နှင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချခဲ့၍ ပြည်သူ ၃ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးနှင့် ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
