စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး တက်ရောက်သည့် ဂျိုင်းတံတား ဖွင့်ပွဲ အခမ်း အနား မစတင်မီ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားတချို့ ဒဏ်ရာရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး တက်ရောက်ခဲ့သော ဂျိုင်းတံတား ဖွင့်ပွဲ အခမ်းအနား မစတင်မီ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက် ၅ နာရီ ၃၈ မိနစ် ၊ ၄၃ မိနစ် နှင့် ၈ နာရီ ၃၀ မိနစ်ခန့်တို့တွင် ဂျိုင်းတံတား ဖွင့်ပွဲ အခမ်းအနား မစတင်မှီ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ Spring UAV Force – G3 Fixed-wing ဒရုန်းအဖွဲ့က ဒရုန်း ၂ စင်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အခမ်းအနားပွဲသို့ တက်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း ၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မျိုးသန့် ၊ ကရင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ညီညီဇော် နှင့် ကရင်ပြည်နယ် တရားလွတ်တော် တရားသူကြီးချုပ် ညွှန့်လင်းတို့ ဖဲကြိုးဖြတ်ပြီးနောက် ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေရဲ့ တံတားဖွင့်ပွဲ မစသေးခင်တင် အရင်ကျဲချ လိုက်တာ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရတယ်။ ပြည်သူတွေကို စစ်ကောင်စီ ကျင်းပတဲ့ အခမ်းအနားပွဲလမ်းသဘင် များနဲ့ နီးကပ်စွာ မနေကြဖို့ အသိပေး ပြောကြားချင်တယ်” ဟု Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားဖြင့် သယ်ထုတ်သွားခဲ့ကြောင်း၊ ဒရုန်းဖြင့် တိုက်ခိုက်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်း ၊ ၅၄၆ တပ်ရင်း နှင့်ဗျူဟာကုန်းရှိ Jammer များကြောင့် ဒရုန်းဗုံးသီး လွှင့်စင်ခဲ့ရာ တံတားဟောင်း အောက်ဘက်ခြမ်းရှိ မူလတန်းကျောင်းအနီး ဈေးရောင်းနေသည့် ပြည်သူ ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
