ငါန်းဇွန် -မြို့သာလမ်းပိုင်းတွင် ခြေလျင်တပ်စစ်ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှု များပြားပြီး ခြေပြတ် ၊ လက်ပြတ်များ ချုံပုတ်ပေါ်တွင် ချိတ်ကျန်နေခဲ့ဟုဆို
ရန်ကုန်၊ မတ် ၁၁
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် -မြို့သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ် ခြေ လျင်စစ် ကြောင်းကို ပေပါမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ခြေပြတ်၊ လက် ပြတ်များ ချုံပုတ်ပေါ်တွင် ချိတ်ကျန်နေခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ငါန်းဇွန်မြို့မှ မြို့သာမြို့ဘက်သို့ အင်အား ၁၀၀ ခန့်ဖြင့် ထွက်လာသော ခြေလျင်စစ်တပ် စစ်ကြောင်းကို ငါန်းဇွန် -မြို့သာ လမ်းပိုင်းတနေရာ တွင် ပေပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာ ရရှိကာ ခြေထောက် ၅ ချောင်း၊ လက် ၃ ချောင်း ပြတ်ထွက်၍ ချုံပုတ်များပေါ်တွင် ချိတ်တင်ကျန် ရစ်နေခဲ့ကြောင်း သိရသည်။
“ခြေလျင်စစ်ကြောင်း မိုင်းကွင်းထဲကို ဝင်လာတာ၊ ထော်လာဂျီလည်းပါတယ်။ ပေပါမိုင်း ၂ လုံးကြား ဝင်လာတာ။ အဲဒီဘက်က စခတွေက နည်းနည်းလေးစိုးမိုးသေးတယ်ဆိုတော့ ပြောက်ကျား စနစ်နဲ့ တိုက်ခိုက်ခဲ့တာ၊ ခြေထောက်က ၅ ချောင်း ၊ လက်က ၃ ချောင်း ချုံပေါ်မှာ ချိတ်ကျန်နေခဲ့တာ၊ တွေ့ တာက ပြည်သူတွေဆိုတော့ ဓာတ်ပုံလည်းမရိုက်ရဲခဲ့ကြဘူး။ စခတွေရဲ့ ဦးထုပ်တွေလည်း တွေ့ တယ်။ သေတာက ၁၁ ဦး၊ သေတဲ့သူတွေကို လိုက်ထရပ်ကားနဲ့ ဂွေးကုန်းဘက်အတိုင်း တံတားဦးဘက်ကို သယ်သွားတာ၊ ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက ကြောက်လန့်တကြား ၎င်းတို့မျက်နှာမူရာအရပ် သို့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရပြီးနောက် နာရီဝက်ခန့်အကြာတွင် သေဆုံးသွားသော စစ်သားများကို လိုက်ထရပ်ကား ဖြင့် ဂွေးကုန်းကျေးရွာဘက်သို့ သယ်ဆောင်သွားပြီး ဒဏ်ရာရ စစ်သား ၃ ဦးကို ဂျိုကျေးရွာဘုန်းကြီး ကျောင်းမှ ကားဖြင့် ငါန်းဇွန်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
လက်ရှိတွင် မြို့သာမြို့ရှိ စစ်တပ်စခန်းအတွင်းသို့ စစ်သား အင်အား ၂၀၀ ခန့်ရောက်ရှိနေပြီး စစ်ရေး အခြေအနေ တင်းမာမှုနေမှုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် ပတ် သက်သောနေရာများ၊ အနီးအနားသို့ သွားလာနေထိုင်ခြင်း မပြုကြပါရန် အသိပေးထားသည်။
