ချောက်မြို့နယ်၊ ဂွေးပင်ကြီးရွာနှင့်ဂွေးပင်လေးရွာကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူပိုင် ရွှေ၊ ငွေ လက်ဝတ်ရတနာများကို လုယက် ခိုးယူ
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးပင်ကြီးရွာနှင့်ဂွေးပင်လေးရွာကို စစ်တပ်က ဝင်ရောက် ဖျက်ဆီးပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူပိုင် ရွှေ၊ ငွေ လက်ဝတ်ရတနာများကို လုယက် ခိုးယူသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။
မတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ချောက်မြို့နယ်၊ ဂွေးပင်ကြီးကျေးရွာအုပ်စုအတွင်းရှိ ဂွေးပင် ကြီးကျေးရွာနှင့် ဂွေးပင်လေးကျေးရွာတို့ကို အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံပစ်ခတ်ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများမှာ ထွက် ပြေးတိမ်းရှောင်နေခဲ့ရကြောင်း၊ယင်းနောက်စစ်တပ်က ပြည်သူ့နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး ပြီး နေအိမ်များအတွင်းမှ လက်ဝတ်ရတနာများအပါအဝင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွား ကြောင်း မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ တာဝန်ခံ ကျောက်ထိုက်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် နေအိမ်အတွင်းကျန်ရှိနေသော ပြည်သူပိုင် လက်ဝတ်ရတနာ သိန်း ၄၅၀ ခန့်၊ ဆရာတော်၊ သံဃာတော်များလှူဒါန်းရန် ပြုလုပ်ထားသည့် အမဲ ခြောက် ၅ ပိသာ၊ အဝတ်အစားများပါ မကျန်ခိုးယူသွားကြောင်း၊ ထို့အပြင် ပြည်သူ့နေအိမ် ၂ လုံး ကို လည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“ကျွဲတက်ရွာဘက်၊ ကန်နီကျောင်းကနေ ယာပြင်ဖြတ်ပြီး လမ်းမှာ ယာလုပ်တဲ့သူတွေကို လိုက်ပို့ခိုင် တာ၊ ယာထဲမှာ နွားချီးချ၊ ယာထွန်နေတဲ့ ပြည်သူ ၇ ဦးကို ဖမ်းဆီးပြီး လက်ချင်းယှက် လူသားဒိုင်းကာ လုပ်ပြီးတက်လာတော့ မတိုက်လိုက်ရပဲနောက်ဆုတ်ပေးလိုက်ရတာ၊ တိုက်ပွဲကမဖြစ်လိုက်ဘူး။ ရွာ ထဲကို ၆၀ မမ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အရင်ဆုံးပစ်တယ်၊ ပြီးတော့ လက်နက်ငယ်မျိုးစုပစ်ပြီးဝင် လာတာပါ” မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၂ တာဝန်ခံ ကျော်ထိုက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းခဲ့သော ဂွေးပင်ကြီးကျေးရွာသည်အိမ်ခြေ ၂၃၇ အိမ်ရှိပြီး ဂွေးပင်လေးကျေးရွာသည် ၂၁၇ အိမ်ရှိကြောင်း၊ ၎င်းကျေးရွာ ၂ ရွာအပါအဝင် အနီးအနားရှိကျေးရွာ ၄ ရွာမှ ပြည်သူထောင်ချီကာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“ဖမ်းဆီးထားတဲ့ လူသားဒိုင်းကာ ပြည်သူ ၇ ဦးကိုလည်း သူတို့ဘေးလွတ်ရာရောက်မှ ကြိမ်းမောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ပြည်သူတွေကို လူသားဒိုင်းကာလုပ်ထားတဲ့အတွက် ကျနော်တို့ တပ်ဖွဲ့ တွေက မတိုက်ပဲ နောက်ဆုတ်ပေးလိုက်ရတာပါ၊ ဩဇာတောကျေးရွာအနီး မင်းတောင်လမ်းဆုံမှာ သေနတ် ၁၅ ချက်ဖောက်ပြီး ကျောက်ပန်းတောင်းဘက်ကို ဆက်ထွက်သွားတယ်လို့ သတင်းရပါ တယ်” ဟု မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ တပ်ခွဲ ၂ တာဝန်ခံကျော်ထိုက်က ပြောဆို သည်။


