ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီအကောက်ခွန်ဂိတ်တွင် ဂြိုလ်တု အင်တာနက် Starlink ၂၁ လုံး သယ်ဆောင်လာသည့် မြန်မာနိုင်ငံသားတစ်ဦးကို တားမြစ်ပစ္စည်းများ တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် ထိုင်းက ဖမ်းဆီး
ရန်ကုန်၊ မတ် ၁၁
ထိုင်းနိုင်ငံ ကချနဘူရီခရိုင် ဆန်ခလဘူရီအကောက်ခွန်ဂိတ်တွင် ဂြိုလ်တုအင်တာနက် Starlink ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာသည့် ကားကို မောင်းနှင် လာသည့် မြန်မာနိုင်ငံသား တစ်ဦးကို တားမြစ်ပစ္စည်းများ တရားမဝင်လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများက သတင်းဖော်ပြသည်။
ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ဘုရားသုံးဆူလမ်းကြောင်းမှ တစ်ဆင့် ဂြိုလ်တုအင်တာနက်ဆက်သွယ်ရေးကိရိယာများနှင့် တားမြစ်ကုန်ပစ္စည်းများကို တရားမဝင်ဖြတ်ကျော်ပို့ဆောင်နေသည်ဟု သတင်းရရှိ၍ ထိုင်းအာဏာပိုင်များက စောင့်ဆိုင်း စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူသည် ကချနဘူရီခရိုင်တွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် ကိုညီနိုင်စိုးဖြစ်ပြီး ဖမ်းဆီးခံရချိန်တွင် မီးခိုးရောင် Toyota ကားနှင့် ကုန်ပစ္စည်းများ တင်ပို့ရန် လုပ်ဆောင်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဘုရားသုံးဆူလမ်းကြောင်းမှ တစ်ဆင့် ကုန်ပစ္စည်းများ တင်ပို့ရန် လုပ်ဆောင်ရာတွင် တားမြစ်ကုန်ပစ္စည်းများပါဝင်နေသည့်အတွက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ Starlink အင်တာနက်ဆက်သွယ်ရေးကိရိယာ ၂၁ လုံး၊ ပရင်တာ ၅ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ကိုညီနိုင်စိုးကို တရားမဝင်ပစ္စည်းများ လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးထားပြီး ပွဲစားတစ်ဦး၏ ချိတ်ဆက်မှုဖြင့် တားမြစ်ပစ္စည်းများကို ဘန်ကောက်မြို့၊ ကုန်လှောင်ရုံတစ်ခုမှ သယ်ဆောင်လာခြင်းဖြစ် ကြောင်း၊ ယင်းနောက် ဘုရားသုံးဆူဂိတ်သို့ ပို့ဆောင်ရန်အတွက် ထိုင်းဘတ် ၅၅၀၀ ရရှိခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။


