ရွှေဘိုနှင့် ပုလဲတွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တိုက်နယ် ၂ နယ်မြေ၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာကို ရောက်ရှိနေသော တည်သီးတောကျေးရွာ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ ကာဘိုင်ကျည် ၁၅၇ တောင့်တို့နှင့် မိသားစုဝင်များ ခေါ်ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီ တပ်သားတွေ အနေနဲ့ မြန်မြန်အလင်းဝင်လာလေ လွတ်လပ်တဲ့လေကို မြန်မြန် ရှုရ လေပါပဲလို့ အသိပေး ပြောကြာချင်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မိသားစုဝင်များနှင့် အတူ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို တော်လှန်ရေး တပ်ဖွဲ့များက နွေးထွေးစွာကြိုဆိုခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားကြောင်း၊ အလင်းဝင်ရောက် လာသူများကို ဂုဏ်ပြုဆုငွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများအနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြရန် လိုအပ်ပါကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၃ ဦး သည် လက်နက် ၂ လက်ဖြင့် အလင်းဝင်ခဲ့သဖြင့် လက်နက်ယူဆောင်လာနိုင်သူ ၂ ဦးကို ငွေကျပ် သိန်း ၂၀ စီဆုချီးမြှင့် ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် -BNRA က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ဒုတပ်ကြပ် လှမင်းသည် ၎င်းကိုင်ဆောင်သော MA1 အမျိုးအစား သေနတ် ၁ လက်နက်နှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – B.N.R.A ထံ ဆက်သွယ်ကာ အလင်းဝင် ခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၆ ရက်နေ့ကလည်း ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ဝေအောင်နှင့် မျိုးကျော်တို့သည် MA1 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ဗမာအမျိုးသားတော် လှန်ရေးတပ်မတော် – BNRA ထံသို့ ချိတ်ဆက်ကာ အလင်းဝင် ပူးပေါင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ပူးပေါင်းလာသော စစ်ကောင်စီတပ်သား ၃ ဦးအနက် ၂ ဦးမှာ လက်နက် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၉ တောင့်ပါရှိခဲ့သဖြင့် ၎င်းတို့ကို ဗမာ အမျိုးသားတော်လှန်ရေး တပ်မ တော် – BNRA တပ်ဖွဲ့က ငွေကျပ် သိန်း ၂၀ စီ ဆုချီးမြှ့င်ပေးခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးကို သွားလိုသည့်နေရာသို့ ကောင်းမွန်စွာ ပို့ဆောင်ပြီးဖြစ်ကြောင်း အသိပေးထားသည်။
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) အနေဖြင့် စစ်ကောင်စီယန္တရား အတွင်းမှ အ လင်းဝင်လာမည့် စစ်သား၊ ရဲ၊ ပျူစောထီးများကို နွေးထွေးစွာ ကြိုဆိုလက်ခံလက်ရှိကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။


