ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Special Task Force ngazun မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် စစ်ကြောင်းထိုးလာသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွာသာကျေးရွာဘက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက် စိန်ပြောင်း ၁၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးက ၁၅ ကောင်သေတယ်။ ပြည်သူတွေကို အကူအညီတောင်ချင်းတာတော့ တော်လှန်ရေးအရွေ့တစ်ခုကို ရောက်ဖို့အတွက် ကျွန်တော်တို့ ငါန်းဇွန်နယ်မှာလည်း တော်လှန်ရေးလုပ်နေတဲ့ ကျွန်တော်တို့ အဖွဲ့လေးတွေကိုလည်း ၀ိုင်းဝန်းပြီးတော့ အားဖြည့်ပြီးတော့ ကူညီ ပေးကျပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေမှာလည်း လက်နက်ခဲယမ်းတွေ များစွာ လိုအပ်နေပါတယ်လို့ အဲဒါလေးတော့ အကူအညီတောင်းချင်ပါတယ်။ ဂွေးကုန်းရွာဘက်ကနေ ဖောကား ၂ စီး မြို့သာစက်မှုဇုံကနေ နွားကား ၁ စီးနဲ့ ဒင်ဝမ်းကုမ္ပဏီက ဘောက်ကား ၁ စီး စုစုပေါင်း ၄ စီးနဲ့ ခွေးသေအလောင်းတွေကို ချက်ချင်းလာကောက်သွားပါတယ်။ ခွေးတွေ ဘက်ကတော့ ပြန်လည်ပစ်ခတ်တာမျိုးမရှိဘူး။ လက်နက်တွေ ဘာတွေ သိမ်းဆည်းရရှိတာမျိုးတော့ မရှိဘူး” ဟု Special Task Force ngazunမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၃ နှင့် Special Task Force Ngazun တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


