မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မြေတော်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း Yesagyo Township Info Committee ကပြောဆိုသည်။
ယနေ့ မတ်လ ၁၄ ရက်နေ့က စတင်၍ မြေတော်ရွာကို ဝင်ရောက် စီးနင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ယနေ့ မတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နံနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က မြေတော်ရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးကာ နေအိမ်မည်မျှ ပျက်စီးသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ သာဂေါင် (ရွာမ) ကျေးရွာတွင် အရပ်သားပြည်သူ ၆ ဦးနှင့် မြေစွန်းတော်ရွာတွင် အရပ်သား ပြည်သူ ၁၁ ဦးတို့ကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု့ကော်မတီက ပြောဆိုသည်။
မတ်လ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၅၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရွာနှင့် ပန်းပေါင်းရွာ အကြားကို စက်တပ်လေထီးဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ပြောဆိုသည်။
