ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၁ ဦးကို ပြန်လွှတ်ပေးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန်လိုလားဟု AA က ထုတ်ပြန်
ရခိုင်ရေပိုင်နက်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အကြိမ်ကြိမ်ဝင်ရောက် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအရေးနှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်း အာရက္ခတပ်တော် AA က ပြောဆိုပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၁ ဦးကို ပြန်လွှတ်ပေးလိုက်သည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၉ ဦးကို လွှတ်ပေးခဲ့ပြီး ယခု မတ်လတွင်လည်း တရားမဝင် ငါးဖမ်းသမား ၂၁ ဦးကို ထပ်မံလွှတ်ပေးခဲ့ကြောင်း ဦးခိုင်သုခက ထုတ်ပြန်သည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်ပြဿနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။
“ULA အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်တဲ့ အဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။
အာရက္ခတပ်တော် AA သည် စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသော ရခိုင်နယ်စပ်တစ်လျှောက်အား ထိန်းချုပ်ထားခြင်းဖြစ်သည်။
“တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းနေပါတယ်။ ဒါပေမယ့် အိမ်နီးချင်း နှစ်နိုင်ငံကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ချက်နဲ့ ငါးဖမ်းသမားတွေကို ပြန်လွှတ်ပေးနေတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
ရခိုင်ရေပိုင်နက်သို့ တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းကို ပြဿနာတစ်ခုအဖြစ် ရှုမြင်ပြီး စိုးရိမ်မှုရှိကြောင်းနှင့် နှစ်နိုင်ငံလုံးရှိ တရားဥပဒေ လိုက်နာသော ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်လျက်ရှိကြောင်းလည်း အာရက္ခတပ်တော် AA က ဆိုသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ငါးဖမ်းသမားများကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် အာရက္ခတပ်တော် AA မှ အကြိမ်ကြိမ် သတိပေးခြင်း၊ ခံဝန်ထိုးခြင်းများ ပြုလုပ်ခဲ့သော်လည်း ငါးဖမ်းသမားမှာ လျစ်လျူရှုထားကြသည်ဟု ဦးခိုင်သုခက ပြောသည်။
တရားမဝင် ငါးဖမ်းသမားများမှာ ပြင်းထန်သော ပြစ်မှုကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထား၍ ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ ပြန်လွှတ်ပေးလျှက်ရှိပြီး အဆိုပါပြဿနာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ပူးပေါင်းဖြေရှင်းရန် အာရက္ခတပ်တော် AA က လိုလားနေခြင်းဖြစ်သည်။


