ရန်ကုန်၊ မတ် ၁၇
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့တွင် တောင်သာမြို့နယ်ရှိ မကျီးချိုရွာနှင့် ဆီဆုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးသီး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာအတွင်းရှိ နေအိမ်တချို့ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နွား ၄ ကောင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဗုံးသီး ၁ လုံးမှာလည်း ပေါက်ကွဲခြင်းမရှိသေးကြောင်း သိရှိရသည်။
“စက်တပ်လေထီးနဲ့ မကျီးချိုကျေးရွာနဲ့ ဆီဆုံကုန်းကျေးရွာကို ကျဲချသွားတာ ဗုံးသီး ၉ လုံးကျဲချတာ ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ နွား ၄ ကောင်သေဆုံးတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀ ခန့်မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့တွင် ရွာသစ်ရွာအတွင်း ဝင်ရောက် တပ်စွဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃၉ လုံး မီးလောင်ပြာကျခဲ့ပြီး နွားတင်ကုတ် ၃ လုံး၊ စပါးကျည် ၂ လုံးလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်တပ်က ရွာထဲမှာတပ်စွဲထားတုန်းဆိုတော့ နေအိမ် ပျက်စီးမှု အတိအကျကို အတည်မပြုနိုင်သေးဘူး။ မီးလောင်ကျွမ်းတဲ့ နေအိမ်အရေအတွက်က ၃၉ လုံးရှိတယ်လို့ပဲ သိထားရတယ်။ ပြည်သူတွေ ထိခိုက်မှုတော့မရှိဘူးလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို RTC စစ်ကြောင်း နှင့်အတူ နေပြည်တော် ၈၀၁ တပ်ရင်း၊ ဗိုလ်မုတ်ဆိတ်ဦးဆောင်သော ရေတာရှည် ပကဖအဖွဲ့တို့ကလည်း မတ်လ ၁၃ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


