32 C
Yangon

ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်ဖြင့် သွားရောက်မှုများအားလုံးကို ကန့်သတ်စိစစ်လိုက်ကြောင်း စစ်ကောင်စီက တရားဝင် အသိပေး ကြေညာ

Must read

ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်ဖြင့် သွားရောက်မှုများအားလုံးကို ကန့်သတ်စိစစ်လိုက်ကြောင်း စစ်ကောင်စီက တရားဝင် အသိပေး ကြေညာ

🟥ဇန်နဝါရီလ ၃၀ မတိုင်မီ အလုပ်ခေါ်စာ အဟောင်းများဖြင့် အလုပ်သမားစေလွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်များ ထပ်မံ စိစစ်ခွင့်ပြုပေးမည်ဖြစ်ပြီး အရေအတွက် ကန့်သတ်မည်

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အလုပ်အကိုင်ဖြင့် သွားရောက်မှုများအားလုံးကို ကန့်သတ်စိစစ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီများသို့ ယနေ့တွင် တရားဝင် အသိပေး ကြေညာလိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပအလုပ်အကိုင်ဖြင့်သွားရောက်မှုများကို ရပ်ဆိုင်းလိုက်ပြီးနောက် မတ်လ ၁၀ ရက်နေ့တွင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားမည့်အားလုံး အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ သွားရောက်ခွင့်မပြုဟု ကြေညာခဲ့ကြောင်း၊ ယင်းနောက် ယနေ့ မတ်လ ၁၇ ရက်နေ့တွင်မူ အလုပ်ခေါ်စာအဟောင်းများဖြင့် ပြည်ပ စေလွှတ်မှုများ ဆောင်ရွက်မှုများ ဆောင်ရွက်ပြီးမှသာ အလုပ်ခေါ်စာ အသစ် Demand Letter အသစ်များကို စိစစ်ခွင့်ပြုပေးမည်ဟု အေဂျင်စီများထံသို့ အကြောင်းကြား လာကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၃၀ ရက်နေ့မတိုင်မီ အတည်ပြုထားတဲ့ အလုပ်သမားစာချုပ်တွေ အလုပ်ခေါ်စာတွေကို အရင် ရှင်းခိုင်းတယ်။ ပြီးမှ အလုပ်ခေါ်စာ အသစ်တွေ ခွင့်ပြုမယ်။ ခွင့်ပြုမယ်ဆိုတာလည်း အကုန်စိစစ်မယ်။ အရေအတွက် ကန့်သတ်မယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဘက်က ပြောလာပါတယ်။ အလုပ်ခေါ်စာတိုင်းကို ချမပေးတော့ဘူး။ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးတွေက စိစစ်မယ်။ သွားမယ့် လူတွေကိုလည်း စိစစ်မယ်။ အရင်လိုတော့ မမြန်တော့ဘူး။ ပြည်ပကို အလုပ်နဲ့ထွက်ဖို့က အနည်းဆုံး ၆ လကနေ ၁ နှစ်လောက်တော့ အချိန်ယူရမယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သတင်းရင်းမြစ်ကမူ တစ်လလျှင် ပြည်ပသို့ အလုပ်သမားထွက်ခွာခွင့် ၁၀၀၀ ဦးဝန်းကျင်သာ ခွင့်ပြုမည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် မိမိစေလွှတ်သော အလုပ်သမားများ၏ အိမ်သို့ ငွေပြန်ပို့မှု၊ နိုင်ငံတော်မှ လိုအပ်၍ ဆင့်ခေါ်ပါက အမိနိုင်ငံ ပြန်လာစေရန် ခေါ်ဆောင်ပေးရမည်ဆိုသော ဝန်ခံချက်ကိုပါ လုပ်ဆောင်ရမည့် အခြေအနေ ရှိနေကြောင်း အေဂျင်စီအသိုင်းအ၀ိုင်းက ဆိုသည်။

“မိန်းကလေးတွေ လွှတ်တယ်ဆိုရင်လည်း သူ့အိမ်ကို ငွေပြန်ပို့ဖို့၊ အခွန်ဆောင်ဖို့ အဲဒါတွေကို တာဝန်ယူပေးရမယ်။ လိုအပ်လို့ နိုင်ငံကို ပြန်လာဖို့ ပါ ခေါ်ဆောင်ပေးရမယ်လို့ ပြောနေတယ်။ အဲဒါကတော့ တရားဝင် မသိရသေးဘူး။ သတင်းတွေ သိနေရတာ။ သူများနိုင်ငံရောက်နေတဲ့သူကို အိမ်ပြန်လာပါဆိုပြီး ဘယ်လိုသွားခေါ်မလဲ။ အခွန်ဆောင်တာနဲ့ အိမ်ကို ငွေပြန်ပို့ဖို့ကတော့ ပြောလို့ရပါတယ်” ဟု ထိုင်းနိုင်ငံသို့ အလုပ်သမားများ စေလွှတ်နေသော ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုး သားများအားလုံး ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာခွင့်မှုကို အပြီး ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article