ရန်ကုန် ၊ မတ် ၂၀
စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတကာက ယူကရိန်းအရေးအပေါ်မှာသာအာရုံစိုက်မှု ဆက်ရှိနေတာကြောင့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင် ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် အခွင့်အလှမ်းတစ်ခုဖြစ်တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံရဲ့ ဦးဆောင်မှုအောက်မှာ အာဆီယံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို ဆက်လက်စောင့်ထိန်းဖို့အတွက်လိုအပ်တယ်လို့ NUG က ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားတာပါ။
လက်ရှိအချိန်ဟာ မြန်မာပြည်သူတစ်ဦးချင်းစီရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုတွေ ပြန်လည်ဖော်ဆောင်နိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အချိန်ဖြစ်တယ်လို့လည်း ရေသားထားပါတယ်။
အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းစဉ်တစ်ရပ်ကို ကူညီပေးနိုင်ဖို့အတွက် ဆောင်ရွက်ချက်တွေချမှတ်ဖို့အတွက်လည်း တိုက်တွန်းထားတာဖြစ်ပါတယ်။
မကြာသေးမီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့က ဘုန်းကြီးကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဟာအရပ်သားတွေ ပစ်မှတ်ထားတဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ NUG က ဆိုပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်က ဘာသာရေးဆိုင်ရာ နေရာတွေနဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု ဆက်လက်မြင့်တက်နေတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
