ရန်ကုန်မြို့လယ်ခေါင် ပန်ဘဲတန်းမြို့နယ်ရှိ တိတ်ရှိန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်များပါသွား၊ ရဲနှင့်စစ်တပ်က ကင်းလှည့်နေသည့်ကြားမှ ဓားပြတိုက်ခံရဟုဆို
ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာလမ်းနှင့် ၂၈ လမ်းကြားရှိ တိတ် ရှိန် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများပါသွားကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ယနေ့မတ်လ ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းမပေါ် ရွှေဘုံသာ လမ်း နှင့် ၂၈ လမ်းကြား အမှတ် ၅၀၇/၅၀၉ အခန်း ၇ တွင်ဖွင့်လှစ်ထားသော တိတ်ရှိန်ရွှေဆိုင်ကို လူအချို့က ဝင်ရောက်ဓားပြတိုက်ရာ ရွှေထည်အချို့ပါသွားပြီး ယင်းအမှုနှင့်ပတ်သက်၍ ရဲနှင့်စစ်တပ်က စစ်ဆေးနေကြောင်း သိရသည်။
“ဓားပြတိုက်ခံရတာမှန်ပါတယ်။ ရွှေထည်အချို့ပါသွားတယ်။ ဘယ်လောက်ပါသွားလဲဆိုတာတော့ မသိရသေးဘူး။ ဆိုင်ပိုင်ရှင်ကတော့ အမှုအခင်းနဲ့ပတ်သက်ပြီး လိုက်လုပ်နေတယ်။” ဟု ရွှေဆိုင်နှင့် နီးစပ်သော ရန်ကုန်ရွှေကုန်သည်က အတည်ပြုပြောကြားသည်။
ရန်ကုန်တိုင်း၊ ပန်းဘဲတန်း၊ ၂၉ လမ်းတွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ရွှေဆိုင်ဓားပြတိုက်ခံရပြီးမှ ပြည်သူများက သိရှိခဲ့ကြခြင်းဖြစ်ပြီး နံနက်စောစောအချိန် ရုတ်တရက် ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“လူ ၄ ဦး လာတိုက်သွားတာလို့ပြောတယ်။ တိုက်သွားတဲ့အချိန်မှာမသိဘူး။ ဓားပြတိုက်ခံရပြီးမှ သိတာ” ဟု ၂၉ လမ်းတွင် နေထိုင်သူ ပြည်သူက ရှင်းလင်းပြောဆိုသည်။
ရန်ကုန်မြို့ခံများ၏ အဆိုအရ ရန်ကုန်မြို့လယ်ခေါင်တွင် ယခုရက်ပိုင်း မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ အတွက် စစ်တပ်နှင့်ရဲများက လုံခြုံရေးများ တိုးမြှင့်ထားပြီးနေ့ည မရွေး လုံခြုံရေးတင်းကျပ်ထားချိန်တွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။


