ငါန်းဇွန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း TGYR-Youth Guerilla Counter Revolution အဖွဲ့က ပြောဆိုသည်။
မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် ငါန်းဇွန်မြို့မှ မကျီးကုန်းရွာနှင့် ထွန်းသာကျေးရွာဘက်ကို စစ်ကြောင်းဝင်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို တိုက်ခိုက်မှု အတွင်း မိုင်း ၂ ပွိုင့်သာ ပေါက်ကွဲခဲ့သောကြောင့် ကား ၁ စီးသာ ပျက်စီးခဲ့ပြီး ကျန် ကား ၂ စီးသည် မကျီးကုန်းရွာနှင့် ထွန်းသာရွာဘက်သို့ ကျော်တက်လာစဉ် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော ကားပေါ်တွင် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လမ်းဘေး ဝဲယာကို ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားဖြင့် လာရောက် သယ်ထုတ်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
