ရန်ကုန်၊ မတ် ၂၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် လောင်းကစားဝိုင်း ပြုလုပ်နေသူများကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဉ် ဆိုင်ကယ် ၂၄ စီး သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ၍ လူစုလူဝေး မပြုလုပ်ရန် အသိပေးလိုကြောင်း ကျားသစ်နက်တပ်မတော် Black Leopard Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ယင်းမာပင်ခရိုင်အမှတ် ၁၁ တပ်ရင်း မှ နယ်မြေဆင်း၍ လုံခြုံရေး ကိစ္စများ ဆောင်ရွက်ရန် သွားရောက်စဉ် အမည်မဖော်လိုသော ပြည်သူများ၏ သတင်းပေးပို့ချက်အရ ကျေးရွာတစ်ရွာတွင် ပြုလုပ်နေသော ကြက်ဝိုင်းကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးမှု ပြုလုပ်စဉ် လောင်းကစား ပြုလုပ်နေသူများသည် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး သက်သေခံအဖြစ် ဆိုင်ကယ် ၃၂ စီး ၊ ကြက် ၈ ကောင် နှင့် ဖုန် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖုန်း ၁ လုံးကို ပိုင်ရှင်ထံ ပြန်ပေးခဲ့ပြီး သိမ်းဆည်းရမိခဲ့သော ဆိုင်ကယ်များကို မြို့နယ်ပြည်သူ့လုံခြုံရေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော ဆိုင်ကယ် အရေအတွက်သည် ၃၂ စီးဖြစ်သော်လည်း ဆိုင်ကယ်များ ကားပေါ်တင်နေသည့် အချိန်တွင် ၈ စီးကို ဘေးမှ ကူးတွန်းရန် လုပ်ဆောင်သူများက ပြန်လည်ယူဆောင်သွားသောကြောင့် ၂၄ စီးသာ ပလဖ ရုံးထံ အပ်နှံနိုင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးရဲဘော်များသည် ပုလဲမြို့ နှင့် ပုလဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများကို ပိတ်ဆို့ထားနိုင်ခဲ့ပြီး ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရန် အသက်ပေါင်းများစွာ ပေးဆပ်ကာ ရယူထားခြင်းဖြစ်ပြီး ယခုကဲ့သို့ လောင်းကစားဝိုင်းများသည်စစ်ကောင်စီအကြိုက်ပင် ဖြစ်သွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်ကြောင်း၊ ကြက်ဝိုင်း ၊ ဖဲဝိုင်း ၊ ဂျင်ဝိုင်း လောင်းကစားများကြောင့် တော်လှန်ရေးအပေါ် အားလျော့လာခြင်းများ ၊ ကျေးရွာများလုံခြုံရေးပြဿနာများ နောက်ဆက်တွဲ အနေဖြင့် မူးယစ်ဆေးဝါးများရောင်းချသုံးစွဲခြင်းများလည်းရှိနေကြောင်း ကျားသစ်နက်တပ်မတော် Black Leopard Army မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
“လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းက စစ်ကောင်စီရဲ့ အကြိုက်ဖြစ်နေတဲ့အတွက် ဆင်ခြင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ လောင်းကစားဝိုင်းများ ပြုလုပ်နေချိန် လေကြောင်း အန္တရာယ်တွေလည်း ဖြစ်လာနိုင်တာမို့ မည်သူမျှ မထိခိုက်ခင် ဆင်ခြင်ပေးကြပါ” ဟု ကျားသစ်နက်တပ်မတော် Black Leopard Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကျားသစ်နက်တပ်မတော် Black Leopard Army အနေဖြင့် တော်လှန်ရေးကို အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားကြမည်ဟု ကတိပြုထားကြသော ရဲဘော်များပီပီ တော်လှန်ရေးအပေါ် အနှောက်ယှက်ဖြစ်မည့် တော်လှန်ရေးကို ပျက်ယွန်းစေမည့် မည်သည့် လုပ်ရပ်မျိုးမဆို ရှင်းလင်းဖယ်ရှားသွားမည် ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
