30 C
Yangon

ဆိပ်ဖြူ၊ အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးမှ ဗိုလ်မှူး ဇော်ဇော်ဝင်းက စစ်ဆေးရေး ဂိတ်ဖွင့်ပြီး ကုန်တင်ကားနှင့် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း၊ စစ်မှုထမ်းအကြောင်း ပြ၍ မိဘများထံမှ ငွေညှစ်ခြင်းများ လုပ်နေ

Must read

ရန်ကုန်၊ မတ် ၂၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူး ဇော်ဇော်ဝင်းက စစ်ရေးဂိတ်ဖွင့်ပြီး ကုန်တင်ကား၊ ခရီးသွားပြည်သူများထံမှ ခြိမ်းခြောက်ငွေတောင်းခံလျက်ရှိသည့်အပြင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်များ၏ မိဘများထံမှလည်း ငွေညှစ်ခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း ငွေညှစ်ခံရသော ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမှတ် ၉ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူး ဇော်ဇော်ဝင်းက ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမ ကျေးရွာအနီးတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ယင်းစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းသွားလာသော ကုန်တင်ကားများ၊ ဆီဘောက်ဆာများ၊ ခရီးသည်တင်ကားများ၊ ခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ ခြိမ်းခြောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“ဒီကန်စွန်းမကျေးရွာအနီး ဂိတ်တွေမှာ ဗိုလ်မှူးဇော်ဇော်ဝင်းက ဘယ်လိုပြောရမလဲ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်တာပေါ့။ ကဇွန်းမရွာအနီး စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်း သွား လာနေတဲ့ ကုန်တင်ကား ၊ ဆီဘောက်ဆာ ၊ ခရီးသည်တင် ယာဉ်လိုင်း နဲ့ ဆိုင်ကယ်စီး ခရီးသွားပြည်သူတွေအားလုံးဆီက ငွေကောက်တာ။ ငွေကျပ် ထောင်ဂဏန်းကနေ သိန်းချီပြီးတော့ တောင်းနေတာ” ဟု ယင်းအခြေအနေကို သိရှိသော ဒေသပြည်သူလည်းဖြစ်၊ စစ်တပ်နှင့်ဆက်နွယ်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ဗိုလ်မှူးဇော်ဇော်ဝင်းနှင့်အဖွဲ့က ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမ လေကြောင်းရန်ကာကွယ်ရေး တပ်အနီး ကျေးရွာများသို့ လှည့်လည်၍ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ လူငယ်ရှိသော မိဘများထံမှ ငွေကျပ် သိန်းချီ ငွေညှစ်ခြင်း၊ PDF ဟု လူငယ်များကို စွပ်စွဲ ဖမ်းဆီးကာ ငွေညှစ်ခြင်းများကိုလည်း တောက်လျှောက်ဆိုသလို ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။

“လူငယ်တွေကိုကတော့ အတင်အဓမ္မ ဖမ်းဆီးတယ်။ PDF လို့ စွပ်စွဲပြီး ငွေတောင်းတယ်။ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ငွေတောင်းတယ်။ ငွေတောင်းလို့ မပေးရင် မိဘတွေကို ခေါ်တယ်။ ခြိမ်းခြောက် ငွေတောင်းတယ်။ သူဘယ်လောက်ဆိုးလဲဆိုရင် သူ့ရဲ့ ရဲဘော်တွေတောင် သူ့ကို မကြိုက်ကြတော့ဘူး” ဟု ငွေညှစ်ခံရသော လူငယ်တစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်မှူးဇော်ဇော်ဝင်းက တပ်တွင်း ဖိနှိပ်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည့်အပြင် တပ်တွင်းရဲမေများကို နှုတ်ဖြင့် လိင်ပိုင်းဆိုင်ရာ စော်ကား ပြောဆိုခြင်းများ လုပ်ဆောင်ကြောင်း၊ အိမ်ထောင်ရှိသော်လည်း ရေနံချောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ် အမျိုးသမီး ရဲအရာရှိကိုလည်း ခိုးယူပေါင်းသင်းခြင်းများ လုပ်ဆောင်ကြောင်း၊ ဇနီးဖြစ်သူမှာ နေပြည်တော် တပ်ကုန်းတွင် နေထိုင်ကြောင်း သိရှိရသည်။

” အဲဒီဗိုလ်မှူးက ကြမ်းပေ့ ဆိုးပေ့ ရမ်းပေ့ လိုဖြစ်နေတာ။ ဘယ်သူမှလည်း မတားရဲ ၊ တိုင်လည်း ဘာမှ မဖြစ်ဘူး။ ပြည်သူလူထုကတော့ အခံရဆုံးပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article