မြန်မာစစ်ကောင်စီ စစ်မနိုင်တော့ဟု ထိုင်းလွှတ်တော်၏ နယ်စပ်လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အချက် ၅ ချက်ဖြင့် ပါမောက္ခ ဒေါက်တာ Zachary Abuza မှတ်ချက်ပြု
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာစစ်တပ်က စစ်အနိုင်မရနိုင်တော့ကြောင်း ထိုင်းလွှတ်တော်တွင် ပြုလုပ်ခဲ့သည့် နယ်စပ်လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အချက် ၅ ချက်ဖြင့် ပါမောက္ခ ဒေါက်တာ Zachary Abuzaက ပြောဆိုလိုက်သည်။
ပါမောက္ခ ဒေါက်တာ Zachary Abuza သည် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီအခြေစိုက် National War College မှ ပါမောက္ခတစ်ဦးဖြစ်ပြီး မတ်လ ၂၂ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ထိုင်းလွှတ်တော်တွင်ကျင်းပခဲ့သော “တည်တံ့ခိုင် မြဲသောငြိမ်ဝပ်ခြင်းနှင့်လုံခြုံရေး တိုးတက်အောင်မြင်စေခြင်း – ထိုင်းနှင့်အာဆီယံ၏ နယ်စပ်တည် ငြိမ်မှုနှင့် ဒီမိုကရေစီသို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်း” ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်တပ်အနေဖြင့် ယခုတိုက်နေသည့် စစ်ပွဲကို အနိုင်ရမည်မဟုတ်ကြောင်း၊ မနိုင်နိုင်သည့် စစ်ပွဲကို အလွန်အကျွံ တိုက်နေခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးကို ၎င်းတို့နှင့်အတူ ဆွဲချနေခြင်းဖြစ်ကြောင်း ၊ စစ်တပ်အနေဖြင့် အနိုင်မရနိုင်သည့် စစ်ဖြစ်သည်ကို အထောက်အထား ၅ ချက်က ပြဆိုနေကြောင်း ၎င်း ဆိုသည်။
ပထမအချက်အနေဖြင့် မြန်မာ စစ်တပ်က နိုင်ငံအနှံအပြားကျယ်ပြန့်များပြားစွာ စစ်မျက်နှာဖွင့်ပြီးတပ်ဖြန့်ထားရကြောင်း၊ ဒုတိယအနေဖြင့် လူအင်အား ပြတ်လပ်မှု ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး မည်သို့ အရှိန်အဟုန်ပြင်း ပြင်းဖြင့် ပြဿနာကိုကိုင်တွယ်ရန် ကြိုးစားစေကာမူ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ထို့ပြင် စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်များ ပြိုပျက်နေကြောင်း၊ မြန်မာစစ်တပ်မှာ ယခင်က တပ်စခန်း ပေါင်း ၅၀၀ ကျော်ဖြင့် တိုင်းပြည်ကို သိမ်းပိုက်ထိန်းချုပ်ထားခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ အဆိုပါ စစ်တပ် တပ်စခန်းအများအပြားကို ပြန်လည်ထောက်ပံ့ခြင်း သို့မဟုတ် ပြန်လည်လက်နက်တပ်ဆင်ခြင်း မပြုနိုင်ကြောင်း၊ ထောက်ပံ့ရေးလိုင်းများ ဖြတ်တောက်ခံနေရပြီး အဆိုပါ စစ်တပ်စခန်းများကို ထိန်းသိမ်းထားနိုင်ရန် လုံလောက်သည့် လေ ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် အရေအတွက်လည်း မလုံလောက်ကြောင်း သိရှိရသည်။
စတုတ္တအချက်အနေဖြင့် စစ်တပ်အတွက် အရေးကြီးဆုံး ဖြစ်သည့် ကာကွယ်ရေးပစ္စည်း စက်ရုံ ၂၄ ရှိပြီး ရခိုင်တပ်တော် AA နှင့် မဟာမိတ်တော်လှန်ရေးများက ယင်းစက်ရုံများနှင့် နီးသည်ထက်ပိုနီး အောင် ဝင်ရောက်လာနေကြောင်း၊ အဆိုပါစက်ရုံများကို တိုက်ခိုက်သိမ်းပိုက်ရန် မလိုအပ်ဘဲ ထောက်ပံ့ရေး ဖြတ်တောက်နိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် မြန်မာစစ်တပ်အတွင်း မညီမျှမှုများမှာ နက်ရှိုင်းပြီး ကွဲထွက်နေကြကြောင်း၊ မြန်မာစစ်တပ်တွင် လေကြောင်းအားသာချက်ရှိသော်လည်း စစ်ရေးရည်ရွယ်ချက်အတွက် မသုံးဘဲ အရပ်သား ပြည်သူများ ထိခိုက်စေရန် ၊ ကြောက်ရွံ့စေရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီအနေဖြင့် အရင်းအမြစ်များ ဆုံးရှုံးလာနေပြီး အဆိုပါ ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်ဆည်းရန် တခြားဝင်ငွေ အရင်းအမြစ်များ မရှိတော့ကြောင်း၊ ယင်းအခြေအနေကို ဖြစ်လာစေခြင်းက မြန်မာ စစ်တပ် ကိုယ်တိုင်ဖြစ်ပြီး စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များက မြန်မာ့စီးပွားရေးကို ဖျက်ဆီးလိုက်ကြောင်း၊ ယခင်က စစ်တပ်တွင် ဝင်ငွေရရှိနိုင်သည့် အရင်းအမြစ်များစွာရှိပြီး ယခုအခါတွင်မူ အဆိုပါ အရင်းအမြစ်များစွာ ပျောက်ဆုံးသွားကြောင်း ၎င်းက ထောက်ပြ ပြောဆိုသွားသည်။
